By Western News/ 2022 May 11
အမေ့ရင်ခွင်သည် သားသမီးများအတွက် အလုံခြုံဆုံး၊ အနွေးထွေးဆုံးသော မေတ္တာများနှင့် တန်ဆာဆင် ထားသည့် အနှိုင်းမဲ့ရင်ခွင် ဖြစ်၏။ သို့ရာတွင် ထိုရင်ခွင်၌ ခိုလှုံခွင့်ရသော သားသမီးများရှိသကဲ့သို့ အရွယ်မတိုင်ခင် အမေ့ ရင်ခွင်က အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွာရသော လူငယ်များလည်း ရှိသည်။ သားသမီးများသည် မိဘရင်ခွင်ကနေ အချိန်တစ်ခုအတိုင်းအတာတွင် စွန့်ခွာရသည်မှာ လောကသဘာဝဖြစ်ပေသည်။ တချို့က အိမ်ထောင်ရက်သား ကျ၍ စွန့်ခွာရသည်။ တချို့ကျတော့လည်း မစွန့်ခွာပဲ မိဘ၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသည်။ တချို့က မစွန့်ခွာချင်သော်လည်း အခြေအနေ၏ လိုအပ်ချက်အရ မိဘရင်ခွင်ကို စွန့်ခွာကြရသည်။ အခြေအနေ၏ လိုအပ်ချက်ဆိုသည်မှာ ဘဝအတွက် ရုန်းကန်ရန်အတွက်ဖြစ်စေ၊ မိမိတို့လူမျိုး လွတ်မြောက်ရေးအတွက် ဖြစ်စေ မဖြစ်မနေ ရွေးချယ်လိုက်ကြရသည်။ လိုအပ်ချက်အရ မိဘရင်ခွင်ကို စွန့်ခွာရသူများထဲတွင် မောင်လင်းခိုင်တစ်ယောက်လည်း အပါအဝင် ဖြစ်ပေသည်။
ရှေ့တန်းက ပြန်လာသည့် လမ်းခရီးတွင် ဖြစ်သည်။ လမ်းတစ်လျှောက်တွင် ကွက်ကျား ကွက်ကျား ပေါက်ရောက်ရှင်သန်နေသော ဝါးပင်များ၊ သစ်ပင်များကို တွေ့ရသည်။ လာရာလမ်းဘေးနားတွင် စမ်းချောင်းလေးသည် အရှေ့မှ အနောက်သို့ စီးဆင်းနေသည်။ စမ်းရေများသည် အနိမ့်၊ အမြင့်အလိုက် ကျောက်တုံးများကြားမှ စီးဆင်းနေသည်။ မေယုတောင်တန်းကြီးသည် မြောက်မှ တောင်သို့ ဖြောင့်တန်းလျက် ခမ်းနားထည်ဝါစွာဖြင့် လှပနေ သည်။ ပတ်ဝန်းကျင်သည် တောသဘာဝ၊ တောအခင်းအကျင်းဖြင့် သဘာဝဆန်စွာ အေးချမ်းနေပေ၏။
ခရီးတစ်ထောင့် နားခိုရန် တပ်စုခေါင်းဆောင်၏ အမိန့်ရသဖြင့် စမ်းချောင်း၏ နံဘေးတွင် ထိုင်ကာ ငေးကြည့်နေမိသည်။ သူ ထိုင်နေသည့် နေရာနှင့် မနီးမဝေးနေရာတွင် စမ်းရေများက မစီးချင် စီးချင် ဖြည်းဖြည်း ညင်သာစွာ စီးဆင်းနေသည်။ တောငှက်များ အထူးသဖြင့် သစ်တောက်ငှက်ငယ်လေးများ၏ သစ်ပင်သို့ ဖောက်နေသည့် အသံများကို ထင်ထင်ရှားရှား ကြားရသည်။ သူသည် ရေဆာလာသဖြင့် စမ်းရေအနည်းငယ်ကို လက်နှစ်ဖက်ဖြင့် ခပ်၍ သောက်လိုက်သည်။ ရင်ထဲ၌ အေးမြသွား၏။ ရေငတ်ပြေသွားပြီဖြစ်၍ ပတ်ဝန်းကျင်ကို လှမ်းကြည့်ရာတွင် တောင်တန်း များက သူ့အပါ်၌ လွှမ်းမိုး အုပ်စီးထားသလို ဖြစ်နေသည်။ သူလာရာလမ်းသည် တောတွင်း မြေနီလမ်းကလေး။
ဟေ့..ကိုယ့်လူတို့၊ ခရီးဆက်ရအောင်ဗျာ၊ အမောလည်း ပြေပြီဆိုတော့ သွားရအောင်၊ ခရီးက နည်းနည်း လှမ်းသေးတယ်၊ ဟူ၍ သူ၏ တပ်စုခေါင်းဆောင်က လှမ်းပြောသံကို ကြားရသဖြင့် ထိုင်နေရာမှ ချက်ချင်း ထလိုက် သည်။ ထို့အပြင် တပ်ဆင်ရမည့် ကိစ်ကို ဝတ်လိုက်ပြီးနောက် ခရီးဆက်ရန် ပြင်လိုက်သည်။ သူ ဘယ်ရောက်နေမှန်း သူကိုယ်တိုင်လည်း မသိ။ တောင်တန်းများ ဝိုင်းပိတ်ထားသဖြင့် အဝေးသို့ လှမ်းကြည့်ရန် အခက်အခဲရှိသည်။ နေပူပူထဲတွင် နေလုံးကြီးကိုပင် မမြင်ရဘဲ တောဖောက်၍ လျှောက်လာကြခြင်း ဖြစ်သည်။
လမ်းလျှောက်ရင်း လျှောက်ရင်း သူ့ဘဝကို တွေးမိ၍ ပြုံးမိသေးသည်။ မောင်လင်းခိုင်မှာ သူ့အိမ်၌ အငယ်ဆုံး သားလေးဖြစ်သည်။ သူ့အထက်၌ အစ်ကိုတစ်ယောက်နှင့် အစ်မတစ်ယောက်ရှိသော်လည်း သူ့ကို အဖေနှင့် အမေက အတော်ချစ်ရှာသည်။ မိဘချစ်သည်ဆိုခြင်းမှာလည်း လိမ္မာ၍ မဟုတ်။
ဆိုးသွမ်း၍ ဖြစ်သည်။ မောင်လင်းခိုင်သည် အိမ်မှာရှိသော သူ့အစ်မ၊သူ့အစ်ကိုများကို ဂျီကျနေကြ။ သူ လိုချင်ရာ ရဖို့ ပူဆာနေကြ။ သူ လိုချင်သည့် အရာမရလျင် မိဘကို ဆိုးနေကြ။ မိဘဟူသည်မှာ လိမ္မာသော သားသမီးထက် ဆိုးသွမ်းသော သားသမီးကို အချစ်ပိုရသည်။ သို့သော် အိမ်၌ အလိုလိုက်ခြင်းခံရသော သူ့အတွက် မည်သည့်အရာကိုမှ မလုပ်တတ် မကိုင်တတ်။ အရာအားလုံးကို သူ့အမေနှင့် သူ့အစ်ကို၊ အစ်မများက လုပ်ပေးနေသည့်အတွက် ယုတ်စွအဆုံး သူ့အဝတ်ပင် ကောင်းကောင်း မလျှော်တတ်။
အိမ်မှာ အိမ်ရှေ့စံဖြစ်ခဲ့သော သူ့အတွက် အခုတော့ ဤစခန်း၌ အိမ်မှာ နေခဲ့သလို နေ၍ မရ။ သူ့အဝတ် သူ လျှော်ရသည်။ သူ့ကိစ္စဟူသမျှ သူ တာဝန်ယူဆောင်ရွက်ရသည်။ ပထမအစတွင် ခက်ခဲသော်လည်း ယခုနောက်ပိုင်းတွင် နေသားကျသွားသည်။ ဖဲမွေ့ယာမှာ ကြီးပြင်းခဲ့သော သူ့အတွက် ဝါးခင်းထားသော ကြမ်းပြင်သည် နတ်စည်းစိမ်တမျှ။ ရေသန့်မှ သောက်တတ်သောသူ့အတွက် စခန်းဘေးနားက စမ်းရေတစ်ခွက်သည် နတျသုဒ်ဓါတဈမြှ အရသာရှိနေပြီ ဖြစ်သည်။ မိဘအိမ်မှာ နေခဲ့သလို သူ့စိတ်တိုင်းကျ နေချင်၍လည်း မရ။ စခန်းအတွင်း သတ်မှတ်ထားသည့် စည်းကမ်း အတိုင်းသာ နေရသည်။
ဟေ့၊ အားလုံး သတိအနေအထား၊ လူသံတစ်ခုကြားတယ် ဟူ၍ တပ်စုခေါင်းဆောင်က လှမ်းပြောသဖြင့် မြေပြင်ပေါ်၌ မှောက်လှဲချလိုက်သည်။
ဘေးဝဲယာကို လှမ်းကြည့်လိုက်သောအခါ ထင်းခွေရန် ဓားတစ်လက်နှင့် လျှောက်လာသည့် အသက်ကြီးပိုင်းလူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုဦးကြီးမှာလည်း သူ့အဖေကဲ့သို့ အသက် ၅၀ ကျော်အရွယ် လူကြီးဖြစ်၍ တိုက်တိုက်ဆိုင်ဆိုင် သူ့အဖေကို သတိရသွားသည်။ အဖေသည် လူအေးသမား။ ပညာရေးဝန်ထမ်းဖြစ်သည်။ သားသမီးများကို ပညာတတ်ဖြစ်အောင် ကြိုးစားရုန်းကန်၍ ပညာသင်ပေးသည်။ ထို့ကြောင့်လည်း သူ့အစ်မနှင့် သူ့အစ်ကိုတို့မှာ ဘွဲ့ရများ ဖြစ်ကြသည်။
သူတစ်ယောက်တည်းသာ ဆယ်တန်း အောင်ပြီး နောက် တက္ကသိုလ် ဆက်မတက်ဘဲ ၁၉ နှစ်အရွယ်မှာ အမျိုးသားရေးတာဝန်ထမ်းဆောင်ရန် ရောက်ရှိ လာခြင်း ဖြစ်ပြီး သူထွက်ခွာလာသည်မှာ ယခုဆိုလျင် ၅ နှစ်ပြည့်တော့မည် ဖြစ်သည်။ သူ ထွက်ခွာလာခြင်းကိုပင် သူ့မိဘများကို အသိ မပေးဘဲ တိတ်တိတ်ဆိတ်ဆိတ် ထွက်ခွာလာခြင်း ဖြစ်သည်။ အမှန်တော့ အသိပေးလိုက်လျင် သွားခွင့်ပြုမည်မဟုတ်၍ မိဘများကို အသိမပေးခဲ့ခြင်းသာ ဖြစ်သည်။
သို့သော်လည်း သူ့၏ မိဘများမှ နီးစပ်ရာ လူများကို မေး၍ တောထဲသို့ သူ ထွက်သွားသည်ဆိုခြင်းကို သိရှိပြီး ဖြစ်လောက်မည်ဟု သူထင်သည်။ သူ့အမေ၊ အဖေ စိတ်ပူနေမည်ကို သူ နားလည် မိသည်။ ရှိပါစေတော့။
အမေနဲ့ အဖေရယ်.. သား ရွေးချယ်ခဲ့တဲ့လမ်းကို တစ်နေ့ကျရင် အမေတို့ နားလည်မှာပါ။ အခု လျှောက်နေ တဲ့လမ်းကလည်း သားအတွက် မဟုတ်၊ အများအတွက် သား ရွေးချယ်ခဲ့တာပါ။ အမေတို့ အဖေတို့ ဖြစ်စေချင်တဲ့ ပညာတတ်တစ်ယောက် မဖြစ်ခဲ့ပေမဲ့ သား အခုလို တာဝန်ထမ်းဆောင်ခွင့်ရတဲ့အတွက် သားကျေနပ်ပါတယ်။ သားတို့ လူမျိုးတွေ လွတ်မြောက်ဖို့အတွက် သား နိုင်တဲ့ဘက်ကနေ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင်ခွင့်ရတာကိုပဲ သား ကျေနပ်ပါတယ်။ သားကို နားလည်ပေးပါ.. မေမေ၊ ဖေဖေ၊ ကိုကို၊ မမ တို့ရေ။ သူ့စိတ်ထဲက ရေရွတ်နေမိသည်။ ပါးပြင်၌လည်း မျက်ရည်စက်များက စီးကျလာသည်။ သူ ခြေလှမ်းများသည် လေးလံလာသည်။
အိမ်ပြန် လာချင်ပါတယ်..မေမေရေ၊ တခါတခါ ထမင်းစား မမြိန်တဲ့အခါ အမေချက်ကျွေးတဲ့ ပုဇွန်ငရုတ်သီးချက်ကို သား အရမ်းစားချင်တာပဲ မေမေ.။
အမှန်တော့ သူလည်းပဲ သူ့အစ်မ၊ အစ်ကိုများလို ပညာတတ်ဖြစ်ချင်သည်။ တက္ကသိုလ်တက်၍ ကျောင်းသား ဘဝကို ဖြတ်သန်းကာ ဘွဲ့ရဖြစ်ချင်သည်။ သို့သော် သူ့ဆန္ဒများကို ဘေးဖယ်၍ အများအတွက် သူ ပေးဆပ်ရန် ရွေးချယ် ခဲ့သောလမ်းဖြစ်သည်။ သူ့ကဲ့သို့ အမျိုးသားရေးလမ်းကို ရွေးချယ်မည့်သူမရှိလျင် ဤတော်လှန်ရေးခရီးမှာ အဘယ် အောင်မြင်နိုင်မည်နည်း။ ဆယ်တန်းအောင်ပြီးဖြစ်သော သူ့အတွက် တက္ကသိုလ်ဆက်တက်ကာ ဘွဲ့ရ၊ ပြီးနောက် အစိုးရအလုပ်ဖြစ်သည့် ကျောင်းဆရာ၊ သို့မဟုတ် ဝန်ထမ်းအလုပ်ကို လုပ်မည်ဆိုလျင်လည်း ရသည်။ သို့သော် ဤကဲ့သို့ ခက်ခဲကြမ်းတမ်းသောလမ်းကို လျှောက်မည့်သူ မရှိလျင်လည်း အမျိုးသားရေးရည်မှန်းချက်မှာ အဘယ်မှာ အထမြောက် နိုင်ပါမည်နည်း။ သူ့ကိုယ်သူ အားပေးမိသည်။ သူလုပ်သောအလုပ်သည် အများတကာ မလုပ်နိုင်သော မွန်မြတ်သော အလုပ်ဟု အားတင်းထားလိုက်သည်။ သူ ရွေးချယ်ခဲ့သော လမ်းအတွက် သူ နောင်တမရ။ ကျေနပ်သည်။ သူ့ဘဝကို သူ တန်ဖိုးရှိသည်ဟု မှတ်ယူထားသည်။
ဟေ့ကောင်..လင်းခိုင်..ဘာဖြစ်နေတာလဲ..မျက်နှာလည်း မကောင်းပါလား၊ ဘာလဲ ..မင်း အိမ်လွမ်းနေတာ လား၊ အိမ်လွမ်းရင် စခန်းရောက်တဲ့အခါ အိပ်ပစ်လိုက်ကွာဒါဆို အလွမ်းပြေသွားမယ်။ ဘေးနားက သူငယ်ချင်း ရဲဘော်က နောက်တိ နောက်ပြောင်ဖြင့် လှမ်းမေးမှသာ သူ့စိတ်ကို သတိထားမိလိုက်သည်။
အေးပေါ့ကွာ..တခါတခါ အဲလိုပဲ၊ အိမ်လွမ်းတယ်ကွာ..။ ငါ့အမေကို ငါအရမ်းတွေ့ချင်တယ်ကွာ..၊ဒါပေမဲ့လဲ မင်းတို့ ငါတို့ဘဝက ပုဂ္ဂိုလ်ရေးခံစားချက်ကို ဘယ်ရှေ့တန်းတင်လို့ရမလဲကွာသတိရရင်လည်း အောင့်ထားရ မှာပဲလေငါတို့ပြည်လွတ်မြောက်ဖို့က နံပါတ်တစ်ပဲ မဟုတ်လား..သူငယ်ချင်း၊ ငါတို့ မျိုးဆက်တွေ ပေးဆပ်ရ သလောက် ငါတို့ နောက်မျိုးဆက်တွေ လွတ်လပ်စွာ နေထိုင်ခွင့်ရရင်ပဲ ကျေနပ်စရာပဲမဟုတ်လား။ သူသည် သူ့ခံစား ချက်ကို ခဏဘေးဖယ်၍ သူ့သူငယ်ချင်းကိုတောင် အားပေးနေသေးသည်။
ကဲဒီမှာ ခဏနားမယ်။ တပ်စုခေါင်းဆောင်က အမိန့်ပေးသဖြင့် ဘေးနားရှိ သစ်ပင်နားတွင် မှီနေလိုက်သည်။ သူ့ရှေ့၌ ရှိသော စမ်းချောင်းမှ စမ်းရေစီးကျသံများသည် အလွမ်းဓာတ်ကို ပိုလှုံ့ဆော်ပေးနေသလို ခံစားရသည်။ ရေအောက်၌ ငါးကလေးများ သွားလာနေကြသည်ကို မြင်ရသည်။ ငါးကလေးများသည် ငါးမကြီးနောက်သို့ လိုက်ရင်း မြူးတူးပျော်ရွင်နေပုံရသည်။ တဖြည်းဖြည်းနှင့် နေအလင်းရောင်သည် ဖျော့တော့တော့ ဖြစ်လာနေသည်။ တောထဲဖြစ်၍ အလင်းရောင်မရှိသည်နှင့် တစ်ပြိုင်နက် ချမ်းအေးသော ခံစားမှုကို ထိတွေ့မိသည်။ အချိန်သည် ညနေခင်း ၅ နာရီအချိန်ဖြစ်သည်။ တချို့သစ်ပင်များမှာ သူတို့၏ သစ်ရွက်များကို လိပ်၍ အိပ်တန်းတက်ရန် ပြင်နေကြပြီ ဖြစ်သည်။
ကဲ..ကိုယ့်လူတို့ ဒီညတော့..ဒီတောင်ကုန်းပေါ်မှာပဲ စခန်းချမယ်ပြင်ကြ။ တပ်စုခေါင်းဆောင်၏ အမိန့်ကို ကြားရပြီးနောက် မြေကြီးပေါ်သို့ သူ့ခန္ဓာကိုယ်ကို လှန်ချလိုက်သည်။ ခရီးပန်းလာပြီ ဖြစ်၍ မျက်စိများက လေးလံ နေသည်။ သူ အိပ်မောကျသွားလေသည်။
ပတ်ဝန်းကျင်သည် ကားသံ၊ လူသံများနှင့် စည်ကားနေသည်။ သူ လမ်းလျှောက်လာသည်။ သူ့အမေ့အိမ်ကို သူ မမှတ်မိတော့သဖြင့် လမ်းပေါ်ရှိ လူများကို သူ့အဖေနာမည်မေး၍ လာရသည်။ အိမ်တံခါးဝရောက်သည်နှင့် ထမင်းချက်နေသော သူ့အမေသည် ပြေးထွက်လာပြီး သူ့ကို ဝမ်းပန်းတသာ ဆီးကြိုလိုက်သည်။
သား အိမ်ပြန်လာပြီလား၊ အမေ့သား ဘယ်တွေ လျှောက်သွားနေတာလဲ၊ သား သွားချင်တဲ့နေရာကို ဒီအမေ လိုက်ပို့ ပေးမှာပေါ့၊ ခုတော့ အမေ့မှာ စိတ်ပူလိုက်ရတာ၊ လာသား..လာလာ။ သူသည် သူ့အမေကို တအံ့တဩနှင့် ငေးကြည့်နေမိသည်။ အမေရယ်၊ သား ဘယ်သွားလို့လဲ.၊ သား အခု ပြန်လာပြီလေ၊ ဒါပေမဲ့အမေ့ကို အရမ်းလွမ်းတာပဲ .မေမေဟု ပြန်ပြောရင်း မျက်ရည်များကျမိသည်။
အမေအမေသား ပြန်တော့မယ်နော်..၊ သား ဆရာက သားကို ခွင့်ပေးလိုက်တာ၊ ခွင့်ကျော်ရင် ဆရာ ဆူမယ်။ အမေအမေအမေ ဟု ပါးစပ်က ရေရွတ်၍ သူ လန့်နိုးလာသည်။ သို့မှသာ သူ အိပ်မက်မက်နေမှန်း သိလိုက် ရသည်။ သက်ပြင်းတစ်ချက် ခပ်ရှည်ရှည် ထုတ်မိလိုက်သည်။
ခက်ခဲသော ခရီးကြမ်းကို မည်သူမှ လျှောက်ချင်ကြသည်တော့ မဟုတ်ပေ။ တတ်နိုင်လျင် မိမိ မိသားစု၊ အမေ၊ အဖေ၊ ညီအစ်ကို မောင်နှမများနှင့်အတူ အေးချမ်းသာယာစွာ နေထိုင်ဖြတ်သန်းချင်ကြသူများသာ ဖြစ်သည်။ နာကြည်းမှု၊ သည်းမခံနိုင်မှုမာနများကြောင့် မလျှောက်ချင်သောလမ်းကို လျှောက်ကြရခြင်း ဖြစ်သည်။ မိမိလူမျိုး၏ ရပိုင်ခွင့် အခွင့်အရေးနှင့် ထိုက်တန်သောတန်ဖိုးကို အနုနည်းဖြင့် တောင်းဆို၍ မရသောအခါ လက်နက်ကိုင်သော အကြမ်းနည်းဖြင့် ခုခံတော်လှန်ကြရသည်သာ။ သွေးမထွက်သောနိုင်ငံရေးဖြစ်သည့် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့် နိင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းချင်ကြသော်လည်း တစ်ဖက်က စားပွဲဝိုင်းကို မဖိတ်ခေါ်ဘဲ အင်အားကြီးသူအနိုင်ရစမြဲဟူသော တလွဲမာနများကြောင့်သာ အင်အားကို အင်အားဖြင့် ယှဉ်ပြိုင်ထိုးသတ်ဖို့ လက်နက် ကိုင်လမ်းစဉ်ကို ရွေးကြရသည်သာ ဖြစ်သည်။ စားပွဲဝိုင်းနိုင်ငံရေးသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် အကောင်းဆုံး ဖြစ်သော်လည်း ရှောင်လွှဲမရသည့် အခြေအနေတစ်ရပ်တွင် အင်အားသည် အဖြေဖြစ်သည်။ အင်အား ဆိုသည်မှာ လူသူ၊ လက်နက်နှင့် တစ်မျိုးသားလုံး စုစည်းနိုင်မှုဟု ဆိုလျင် ရမည်ထင်သည်။ မည်သို့ဆိုစေကာမှု မိမိတို့ ပန်းတိုင်ကိုရောက်ဖို့ မည်သည့်လမ်းကပဲ လျှောက်ရပါစေ မဖြစ်မနေ လျှောက်လှမ်းကြရမည်သာ ဖြစ်ပေသည်။
မောင်လင်းခိုင်ကဲ့သို့သော ပညာရေးခရီးကို ဆုံးခန်းတိုင်အောင် မပြီးစီးဘဲ အများအတွက် ပေးဆပ်ရသော ပညာတစ်ပိုင်းတစ်စနှင့်လူငယ်များသည် မြန်မာနိုင်ငံတနှံ့တလျားတွင် ရှိနေပေလိမ့်မည်။ တက္ကသိုလ်ကောလိပ်များတွင် ပျော်ပျော်ရွင်ရွင် ရှိနေရမည့် လူငယ်များသည် တန်းတူညီမျှရေးနှင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်ရန် စာသင်ကျောင်း များကို စွန့်ခွာခဲ့ကြရသည်။ အမေ့ရင်ခွင်မှာ အမေ့မေတ္တာဖြင့် အုပ်မိုးထားရမည့်အရွယ်များသည် သေနတ်ကိုယ်စီ ရင်ဝယ်ပိုက်လျက် တရားမျှတမှုရရှိရေးတိုက်ပွဲတွင် မရမချင်း တိုက်ပွဲဝင်နေကြရသည်။
မောင်လင်းခိုင်ကဲ့သို့ အမေ့ရင်ခွင်၊ ကျောင်းရင်ခွင်ကနေ စွန့်ခွာနေရသော လူငယ်များ မည်မျှထိ ရှိနေမည်နည်း ဟု ရင်နာနာဖြင့် စာရေးသူ တွေးမိပါသည်။ တန်းတူညီမျှခြင်း၊ တရားမျှတမှုများ၊ လွတ်လပ်ခြင်းများ အမြန်ရရှိနိုင် ပါစေလို့ ဆုတောင်းမိပါသည်။
နေလင်းခိုင်(မြောက်ဦး) ရေးသားသည်
https://www.facebook.com/westernnewsagency/posts/520509239755585