လေးတောင်မြို့မှ ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ်သားများ လိုက်လံရှာဖွေနေမှုကြောင့် ရှောင်တိမ်းနေရ

By Western News/ 2022 May 27

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့မှ ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်သားများ လိုက်လံရှာဖွေနေသဖြင့် ရှောင်တိမ်းနေရကြောင့် ကာယကံရှင်များက ပြောဆိုကြသည်။

ယမန်မေလ ၂၇ ရက်နေ့ နေ့ နံနက် ၈ နာရီခန့်က စစ်ကောင်စီစစ်ကားနှစ်စီးသည် လေးတောင်မြို့သို့ ဝင်ရောက်လာပြီး ၄င်းတို့နေအိမ်များသို့ ဝင်ရှောက်ရှာဖွေမှုများလုပ်ခဲ့သဖြင့် ရှာဖွေခံရသူနှစ်ဦးအပါအဝင် မိသားစုဝင်များပါ ရှောင်တိမ်းနေရသည်ဟု ပြောဆိုကြသည်။

ရှာဖွေခံရသူနှစ်ဦးမှာ လေးတောင်မြို့မှ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) တိုက်နယ်မှူးနှင့် ဒေသခံ ကိုမောင်မောင်ကြီးတို့ဖြစ်ကြသည်။ ၄င်းတို့နှစ်ဦးအား ယခင်ကလည်း စစ်ကောင်စီတပ်သားများက အကြိမ်ကြိမ် ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု အဆိုပါတိုက်နယ်မှူးက ပြောသည်။

“ကျနော်တို့က တိုက်နယ်မှာလည်း အကြီးဆုံးလူတွေဖြစ်နေတော့ ကျနော်တို့ကို သူတို့အနေနဲ့ လိုချင်တဲ့ ဆန္ဒတွေလည်းရှိတယ်။ ဖမ်းဆီးဖို့အနေအထားရှိတယ်။ ကျနော်တို့နေတဲ့ နေရာတွေကို အကြောက်တရားလွှမ်းမိုးအောင် လုပ်နေတာတွေနဲ့လည်းတူတယ်။ကျနော်တို့လမ်းကြောင်းတွေအကုန်လုံးကို ပိတ်ဆို့ထားတာတွေနဲ့လည်းတူတယ်”ဟု တိုက်နယ်မှူးက ပြောသည်။

ကိုမောင်မောင်ကြီးမှာ လေးတောင်မြို့ဖြစ်မြောက်ရေး ကော်မတီတွင် အတွင်းရေးမှူးလုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်ပြီး လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး ULA / AA နှင့် ဆက်စပ်မှုမရှိဟု ပြောသည်။

ယခုကဲ့သို့ ရှာဖွေခြင်းမှာ မနာလိုသူများက တိုင်ကြားမှုကြောင့် ဖြစ်နိုင်သည်ဟု သူက သုံးသပ်ပြောဆိုသည်။ ယခုအချိန်တွင် ၄င်းအနေဖြင့် လုံခြုံရေးအရ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ကိုမောင်မောင်ကြီးက “၂၀၂၀ တုန်းကလည်း ကျနော်တို့အိမ်ကို ဝင်ပြီးတော့ ရှာဖွေတယ်။ အဲတုန်းက ကျနော် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနဲ့တွေ့ပြီးတော့ ကျနော်ဟာ ULA /AA နဲ့ ဆက်စပ်မှုမရှိကြောင်းကို ဖြေရှင်းခဲ့တယ် “ဟု ပြောသည်။

၄င်းအား ၂၀၂၀ပြည့်နှစ် ဇူလိုင်လကတစ်ကြိမ်၊ ၂၀၂၂ ခုနှစ် မတ်လကလည်း တစ်ကြိမ် စစ်ကောင်စီတပ်သားများ ဝင်ရောက်ရှာဖွေမှုများရှိခဲ့သည်ဟု သူကပြောသည်။

ယမန်နေ့ မတ်လ ၂၆ ရက်နေ့ က ဝင်ရောက်ရှာဖွေလာသော စစ်ကောင်စီတပ်သားများမှာ အင်အား ၇၀ ခန့်ရှိပြီး ကျောက်ဖြူအခြေစိုက် ခမရ တပ်ရင်း (၃၄)မှ ဖြစ်သည်ဟု တိုက်နယ်မှူးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများမှာ လက်ရှိအချိန်တွင် ငပြီချောင်းဘုန်းတော်ကြီးကျောင်းတွင် တည်းခိုနေထိုင်လျက်ရှိကြောင်း သိရှိရသည်။

https://www.facebook.com/westernnewsagency/posts/531119312027911

Leave a Reply

Your email address will not be published.