By Western News/ 2022 May 30
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့တွင် စစ်ကောင်စီတပ်သားများ စခန်းချနေထိုင်နေသည်မှာ ၅ ရက်ခန့်ကြာမြင့်နေပြီဖြစ်သော်လည်း ထွက်သွားခြင်းမရှိဘဲ သာသနိက အဆောက်အဦးအတွင်းနေထိုင်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။
အဆိုပါ စစ်ကောင်စီ တပ်သားများသည် စစ်ကားနှစ်စီးဖြင့် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က လေးတောင်မြို့သို့ ဝင်လာပြီး လေးတောင်မြို့မှ ဒေသခံနှစ်ဦးတို့ဖြစ်ကြသည့် ကိုမောင်မောင်ကြီးနှင့် ကိုဝင်းကိုတို့အား ရှာဖွေခဲ့သည်။
လက်ရှိအချိန်တွင် ၄င်းစစ်ကောင်စီတပ်သားများသည် သရက်ချိုရွာနှင့် ငပြီချောင်းရွာကြားတွင်ရှိသည့် ရဲစခန်းနှင့် ငပြီချောင်းဘုန်းကြီးကျောင်းတို့တွင် နေထိုင်လျက်ရှိကြောင်း နေအိမ်အတွင်း ရှာဖွေခံရသူ တစ်ဦးက Western News ကိုပြောသည်။
“သရက်ချိုနဲ့ ငပြီချောင်းကြား ရဲစခန်းမှာလည်း သူတို့ရှိကြတယ်။ နောက်ထပ်တော့ အိမ်တွေကိုလာပြီး မေးမြန်းလာတာတွေလည်း မရှိဘူး။ သူတို့ရှိနေတာလည်း တာရှည်နေပြီးဆိုတော့ ဒေသခံတွေကတော့ စိုးရိမ်မှုတွေရှိကြတယ်” ဟုပြောသည်။
ကိုမောင်မောင်ကြီးမှာ လေးတောင်မြို့ဖြစ်မြောက်ရေး ကော်မတီတွင် အတွင်းရေးမှူးလုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်ပြီး ကိုဝင်းကိုမှာ လူမူရေးဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ သူတို့နှစ်ဦးအား ယခင်ကလည်း စစ်ကောင်စီတပ်သားများက ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ကာယကံရှင်များက ပြောဆိုသည်။
ကိုမောင်မောင်ကြီးကို စစ်ကောင်စီက ပြီးခဲ့သည့်၂၀၂၀ပြည့်နှစ် ဇူလိုင်လကတစ်ကြိမ်၊ ၂၀၂၂ ခုနှစ် မတ်လကလည်း တစ်ကြိမ် ဝင်ရောက်ရှာဖွေမှုများရှိခဲ့သည်ဟု မိသားစုများက ပြောသည်။
စစ်ကောင်စီတပ်သားများ နေထိုင်လျက်ရှိသည်မှာ ကြာမြင့်နေပြီဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်မှုများရှိသည်ဟု သရက်ချိုဒေသခံတစ်ဦးက ပြောသည်။
“အရင်ဆိုလို့ရှိရင် လေးတောင်နယ်မြေက အေးချမ်းတယ်။ ပြဿနာတစ်စုံတရာမရှိဘူး။ သူတို့ရောက်လာတာလည်း တာရှည်နေပြီဆိုတော့ ကျနော်တို့က စိုးရိမ်တယ်” ဟု ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။
ယခု စခန်းချနေထိုင်သော စစ်ကောင်စီတပ်သား အင်အားမှာ ၇၀ ခန့်ရှိပြီး ကျောက်ဖြူအခြေစိုက် ခမရ (၃၄) တပ်ရင်းမှ ဖြစ်သည်ဟု သိရှိရသည်။
https://www.facebook.com/westernnewsagency/posts/533201535153022