By Voice Of Westland (VOW)/ 2022 May 26

ရခိုင်မှာ ၂၀၁၇-၂၀၁၈ ခုနှစ် ပညာသင်နှစ်ကနေ ပိတ်ထားခဲ့ရတဲ့ ရခိုင်ကမြို့နယ်သီးသီးက စာသင်ကျောင်းပေါင်း ၁၂၀ ကျော်ကို ယခု ၂၀၂၂- ၂၀၂၃ ခုနှစ် ပညာသင်နှစ်အထိ ၆ နှစ်ကြာ ပြန်မဖွင့်နိုင်သေးဘူးလို့ သိရပါတယ်။
အဲဒါကတော့ ၂၀၁၇ ခုနှစ်က အရေးအခင်းဖြစ်ပွားမှုကြောင့် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက ကျေးရွာတွေမှာ ကျေးရွာသားတွေ မရှိတဲ့အတွက် ကျောင်းတွေ မဖွင့်ပေးတာဖြစ်သလို၊ ၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ရသေ့တောင်၊ ကျောက်တော်စတဲ့ မြို့နယ်တွေက ကျေးရွာသားတွေဟာလည်း စစ်ဘေးရှောင်စခန်းကို ရောက်နေတဲ့အတွက် မဖွင့်နိုင်သေးတာ ဖြစ်တယ်လို့ ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က VOW ကို ပြောပါတယ်။
“မောင်တောခရိုင်မှာ ဆိုလို့ရှိရင် တစ်ဖက်နိုင်ငံကို ထွက်သွားကြတဲ့အတွက် ရွာပျောက်၊ ကျောင်းပျောက် ဖြစ်သွားတယ်။ အဲဒီနေရာတွေမှာဖွင့်လို့ အကျိုးမရှိဘူး။ ရသေ့တောင် မြို့နယ်၊ ကျောက်တော်မြို့နယ်တွေမှာ ၂၀၁၈-၂၀၁၉ နှစ်တွေက တိုက်ပွဲတွေ ဖြစ်သွားတဲ့အတွက်နဲ့ ကျေးရွာတွေမှာ လူတွေမရှိတဲ့အတွက် ပြန်မဖွင့်နိုင်သေးတာပါ”လို့ သူက ပြောပါတယ်။
မောင်တောမှာ ၆၁ ကျောင်း၊ ဘူးသီးတောင်မှာ ၁၁ ကျောင်း၊ ရသေ့တောင်မြို့နယ်မှာ ကျောက်တန်း၊ ရေစိုးချောင်း စတဲ့ကျေးရွာတွေ အပါအဝင် စာသင်ကျောင်းပေါင်း ၁၅ ကျောင်း၊ ကျောက်တော်မြို့နယ်မှာ တင်းမ၊ ပြိုင်းတိုင်း၊ မုန့်သန်းပြင် အစရှိတဲ့ ကျေးရွာတွေက စာသင်ကျောင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။
လက်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ ရောက်ရှိနေကြတဲ့ မူလတန်းကျောင်းသား/သူတွေကို စခန်းတွင်းမှာ ယာယီကျောင်းဆောင်တွေနဲ့ သင်ကြားပေးနေပြီး၊ အလယ်တန်း၊ အထက်တန်းကျောင်းသား/သူတွေကို နီးစပ်ရာ မြို့နယ်တွေက ကျောင်းတွေမှာ စာသင်ကြားနိုင်အောင် စီစဉ်ထားတယ်လို့ ပညာရေးမှူးရုံးက ဦးဘထွီးစိန်က ပြောပါတယ်။
“စစ်ဘေးရှောင်စခန်းမှာ နေထိုင်ကြတဲ့ မူလတန်းကလေးတွေကို ကျတော့ စခန်းတွင်းမှာပဲ ယာယီကျောင်းဆောင်ဖွင့်ပေးထားပါတယ်။အလယ်တန်း၊အထက်တန်းတွေ ကျတော့ နီးစပ်ရာ ကျောင်းတွေမှာ တက်ဖို့အတွက် စီစဉ်ထားပါတယ်”လို့ သူက ပြောပါတယ်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ရခိုင်ပြည်နယ်အတွင်းက အခြေခံပညာ စာသင်ကျောင်းပေါင်း ၃၁၈၈ ကျောင်းရှိပြီး ဘုန်းတော်ကြီးသင်ကျောင်း ၈၀ ကျောင်းနဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း ၅၀ ကျောင်းကို ဖွင့်လှစ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီကနေ့ မေလ ၂၆ ရက်နေ့က စပြီး ဇွန်လ ၁ ရက်နေ့အထိ ရခိုင်ပြည်နယ်က ကျောင်းတွေမှာ ကျောင်းအပ်လက်ခံနေပြီဖြစ်သလို ဇွန်လ ၂ ရက်နေ့ကျရင်တော့ ဖွင့်လို့ရတဲ့ကျောင်းတွေအားလုံးကို ဖွင့်လှစ်သွားမှာဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက သိရပါတယ်။