By Western News/ 2022 May 12
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ မြေငူကျွန်းတွင် ယခုနှစ် သင်္ကြန်ကာလလွန်ကတည်းကစ၍ ရေခူလုပ်ငန်းများအား စတင်လုပ်ကိုင်နေကြပြီးရေခူစျေးကွက် မရမည်ကို လုပ်ငန်းရှင်များစိုးရိမ်နေကြသည်။
လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်ကလည်း ရေခူများသည် အစုလိုက် အပြုံလိုက် ပေါ်ပေါက်ခဲ့သလို ယခုနှစ်တွင်လည်း ထိုကဲ့သို့ အစုလိုက် အပြုံလိုက် ပေါ်ပေါက်လာသည်ဟု ရေခူလုပ်ငန်းရှင်များက ပြောဆိုကြသည်။
သို့သော်လည်း ရခိုင်ပြည်နယ်မှ ပြည်မနှင့် ပြည်ပဖက်သို့ ရေခူများတင်ပို့ရာတွင် လမ်းခရီးအဆင်မပြေမှုများကြောင့် စျေးကွက်မရမည်ကို စိုးရိမ်မိကြောင်း ရေခူလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုသန်းညွန့်ကပြောသည်။
“နယ်စပ်တွေမှာ ပုံမှန်သွားလာလို့ရှိရင်တော့ အဆင်ပြေတယ်။ လမ်းခရီးမှာ ကြန့်ကြာသွားတယ်ဆိုရင် quality ပျက်သွားတယ်။ လက်ရှိကတော့ ရေခူတစ်တန်ကို ကျနော်တို့ ဘယ်လောက်စျေးနဲ့ ရောင်းမှာလဲဆိုတာထက် ယူဖို့လူက အရေးကြီးပါတယ်။ ကိုယ့်ဒေသမှာ အလုပ်ဖြစ်နေအောင် ယူမယ်လူ ပေးဖို့စျေးနဲ့ပဲ ကျနော်တို့က ရောင်းရမှာဖြစ်ပါတယ်”ဟု ပြောသည်။
ရေခူလုပ်ငန်းရှင်များအနေဖြင့် ရေခူဖမ်းသူများထံမှ ရေခူတစ်လုံးကို ကျပ် ၇၀၊ ၈၀ ဖြင့် ဝယ်ယူလုပ်ကိုင်နေရကြောင်း သိရှိရသည်။ ဖမ်းယူ၍ ရရှိလာသော ရေခူများအား တာပေါ်လင်စများဖြင့် ၈ တောင်ပတ်လည် ကန်များပြုလုပ်ပြီး သိုလှောင်ထားရသည်။
ရေခူတန်ချိန် ၅၀ ခန့်ထုတ်လုပ်မည်ဆိုလျှင် ၈ တောင်ပတ်လည် ကန် ၁၅ ကန်ခန့် ဆောက်လုပ်ထားရကြောင်း ရေခူလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုသန်းညွန့်က ပြောသည်။
ရေခူစျေးကွက်နှင့်ပတ်သက်၍ တစ်စုံတရာ မသိရှိဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်မှူး ဦးသက်ဦးကပြောသည်။
“စျေးကွက်တွေဘာတွေကိုတော့ ကျနော်တို့ဌာနက အဲလောက်ထိလည်း မသိဘူးဗျ။ ဒီကောင်တွေ ပေါ်တယ်ဆိုတာကလည်း နှစ်စဥ်ဘယ်နေရာမှာပေါ်တယ်ဆိုပြီးတော့ အဲလိုလည်း သတ်မှတ်ချက်မရှိဘူး။ သူတို့က အစုလိုက် အပြုံလိုက် သွားရင်းလာရင်းနဲ့ တစ်နေရာမှာ များများစားစားပေါ်တယ်ဆိုလို့ရှိရင် အဲနေရာကို ပေါ်တယ်လို့ သတ်မှတ်ပြီးတော့ အဲနေရာမှာ ရှာဖွေကြတယ်။ လုပ်ကိုင်ကြတယ်။ များသောအားဖြင့်တော့ တောင်ကုတ်တို့ ဂွတို့မှာတော့ တော်တော်များများပေါ်ခဲ့ဖူးတယ်” ဟုပြောသည်။
လက်ရှိ ပေါက်တောမြို့နယ် မြေငူကျွန်း သဲခုံကျေးရွာတွင် ရေခူဒိုင် ၄ ဒိုင်နှင့် ချောင်းဝကျေးရွာတွင် တစ်ဒိုင်ရှိပြီး ရေခူများ အစုံလိုက် အပြုံလိုက်ပေါ်လာသဖြင့် ဒေသခံပြည်သူများမှာလည်း စားဝတ်နေရေး အသင့်အတင့် အဆင်ပြေလျက်ရှိကြောင်းသိရှိရသည်။
လွန်ခဲသော ၂၀၀၁ ခုနှစ်ကလည်း ယခုကဲ့သို့ ရေခူများအစုလိုက်အပြုံလိုက်ပေါ်ခဲ့သဖြင့် ရေခူလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေခဲ့ကြသည်။ သို့သော်လည်း ၂၀၀၂ ခုနှစ်တွင်လည်း ရေခူများ ပေါ်လာမည်ထင်သဖြင့် လုပ်ငန်းရှင်များက ရင်းနှီးမြုပ်နှံမှုများလုပ်ခဲ့ရာ မျှော်မှန်းထားသလို ရေခူမပေါ်လာသဖြင့် အရှုံးကြီး ရှုံးခဲ့ရသည်။
ရခိုင်တွင် တိုက်ပွဲကာလကတည်းက ကုန်လမ်းခရီးများအား နံနက် ၆ နာရီမှ ည ၆ နာရီအထိ ခွင့်ပြုထားသည်။ ယင်းကဲ့သို့ စစ်ဆေးရေးဂိတ်များတွင် အချိန်ကြန့်ကြာမှုများကြောင့် ရခိုင်ပြည်နယ်မှ ရေထွက်ပစ္စည်းဖြစ်သော ကဏန်းများမှာ လမ်းခရီးတွင် သေဆုံးမှုများဖြစ်ပွားသည့်အတွက် အရှုံးနှင့် ရင်ဆိုင်နေရကြောင်း ကုန်သည်များက ပြောဆိုကြသည်။
https://www.facebook.com/westernnewsagency/posts/521024319704077