By Western News/ 2022 May 05
အစ္စလာမ်ဘာသာဝင်များ၏ ရိုးရာအိဒ်ပွဲတော်သို့မေလ ၃ က်နေ့က မွတ်ဆလင်ကျောင်းသားများ၏ ဖိတ်ခေါ်ချက်အရ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ အဖွဲ့ဝင် (၈) ဦးခန့် က စစ်တွေမြို့နယ် သက္ကေပြင် မွတ်ဆလင်ကျေးရွာသို့ သွားရောက်ခဲ့သည်။
၄င်းပွဲသို့ သွားရောက်ခြင်းမှာ ရခိုင်ပြည်နယ်တွင်ရှိသော လူမျိုးစုများအားလုံး သဟဇာတကျစွာနေထိုင်ရေးဆိုသော ရည်ရွယ်ချက်ဖြင့် သွားရောက်ရခြင်းဖြစ်သည်ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက ပြောသည်။
“ရခိုင်ပြည်တွင်းမှာရှိတဲ့ လူမျိုးဘာသာအားလုံး သဟဇာတကျစွာ နေထိုင်ဖို့နဲ့ ကျနော်တို့အချင်းချင်းဖေးမကူညီပြီးတော့ လူမျိုးစွဲ၊ ဘာသာစွဲမရှိဘဲနဲ့ ရခိုင်ပြည်မှာရှိတဲ့ လူမျိုးတွေရဲ့ ရိုးရာဓလေ့တွေကို လေးစားပြီးတော့ သဟဇာတကျစွာ နေထိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားရောက်တာဖြစ်ပါတယ်” ဟု ပြောသည်။
ထို့သို့တွေ့ဆုံရာတွင် ကျောင်းသားရေးရာကိစ္စများနှင့် ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော လူမျိုး၊ဘာသာမရွေး အားလုံးသူများအနေဖြင့် ရသင့်ရထိုက်သော အခွင့်အရေးများအား အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သူကဆက်ပြောသည်။
“ရခိုင်ပြည်နယ်မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေတည်ငြိမ်နေတာကို ကျနော်တို့ဆက်လက်ပြီးတော့ ထိန်းထားဖို့နဲ့ တစ်စုံတစ်ယောက်ကြောင်း case တွေ ပေါ်လာလို့ရှိရင်လည်း နားလည်မှုရှိရှိ ဖြေရှင်းသွားဖို့နဲ့ ရခိုင်ပြည်နယ်မှာရှိနေတဲ့ လူတွေအားလုံး ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်မယ်။ လက်ရှိရင်ဆိုင်နေရတဲ့ ကျောင်းသားအခွင့်အရေးတွေနဲ့ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ပါတယ်”ဟုပြောသည်။
မွတ်ဆလင်ကျောင်းသားများ၏ ဖိတ်ခေါ်ချက်အရ ရက္ခိုင်ကျောင်းသားသမဂ္ဂမှ ရခိုင်ပြည်နယ်တွင်ရှိသော ကျောင်းသားများ သဟဇာတဖြစ်ရေးကို ဆွေးနွေးခဲ့ကြသည်ဟု မွတ်ဆလင်ကျောင်းသား ကိုသန်းဇော်ကပြောသည်။
“ကျနော်တို့ဆွေးနွေးခဲ့ကြတာကတော့ အစိုးရက ကျနော်တို့ကို တက္ကသိုလ်တွေ တက်ခွင့်ပေးရင် ရခိုင်ပြည်မှာ အဓိက majority ဖြစ်တဲ့ ရခိုင်သားတွေက လက်ခံမှာလားလို့ မေးကြည့်တဲ့အခါ အစိုးရက ခွင့်ပြုတယ်ဆိုရင် သူတို့ဖက်ကလည်း ကြိုဆိုတယ်ဆိုပြီးတော့ ပြောခဲ့ကြပါတယ်”ဟု ပြောသည်။
ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှနှင့် ရင်းရင်းနှီးနှီးဆက်ဆံမှုရှိသည့်အတွက် အနာဂတ်ရခိုင်ပြည်နယ်အတွက်လည်း ပိုကောင်းလာမည်ဖြစ်ကြောင်း သူက မှတ်ချက်ပြုပြောကြားသည်။ မွတ်ဆလင်လူမျိုးများမှာ ယခုအချိန်တွင် ရခိုင်ပြည်နယ်အတွင်း ယခင်ကထက် သွားလာလှုပ်ရှား၍ရနေပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးကုသမှုများလည်း ရရှိသည်ဟု သူကဆက်ပြောသည်။
အစ္စလာမ်ဘာသာဝင်များ၏ ရိုးရာအိဒ်ပွဲတော်ကို ရခိုင်ပြည်နယ်တွင်လည်း မေလ ၃ ရက်ကနေ့ ၃ ရက်တိုင်တိုင် ကျင်းပနေကြပြီး ၄င်းပွဲတော်တွင် မိမိအိမ်၌ ချက်ပြုတ်ထားသော ရိုးရာအစားအစာများဖြင့် ဧည့်သည်များကို ဧည့်ခံကျွေးမွေးကြသော ပွဲတော်တစ်ခုဖြစ်ကြောင်း သိရှိရသည်။
https://www.facebook.com/westernnewsagency/posts/516234503516392