By Western News/ 2022 May 21
ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့က အာဏာစစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ ပြည်လုံးချမ်းသာ စစ်ဘေးရှောင်စခန်းမှ အသက်မပြည့်သေးသည့် လူငယ် ၃ ဦး၏ သတင်း ယနေ့အချိန်ထိ အစအနမရဘဲ ပျောက်ဆုံးနေသည်ဟု မိသားစုဝင်များက ပြောဆိုကြသည်။
ဖမ်းဆီးခံရသူများမှာ ရသေ့တောင်မြို့နယ်၊ လှိုင်ဂွင်ရွာမှ အဘ ဦးသန်းဟန်၏သား မောင်နေထွန်းဦး အသက် ၁၇ နှစ်၊ စေတီပြင်ရွာမှ အဘ ဦးသန်းမောင်ကြီး၏သား မောင်အောင်မျိုးခန့် အသက် ၁၆ နှစ် နှင့် ကျောက်တန်းရွာမှ အဘ ဦးကြည်မောင်၏သား မောင်ခိုင်မျိုးလင်း (ခ) မောင်ညို အသက် ၁၇ နှစ် တို့ ဖြစ်ကြသည်။
လူငယ် ၃ ဦး၏ မိသားစုဝင်များမှာ နီးစပ်ရာ ကျေးရွာများသို့ လိုက်လံရှာဖွေလျက်ရှိသော်လည်း ယနေ့အချိန်ထိ တစ်စုံတရာ ထူးခြားမှုမရှိသည့်အတွက် အလွန် စိုးရိမ်မိသည်ဟု မောင်ညို၏ မိခင်ဖြစ်သူ ဒေါ်တင်တင်မိုးက ပြောသည်။
“မိသားစုဝင်တွေကတော့ လိုက်လံရှာဖွေနေကြတယ်။ ဒါပေမဲ့ မတွေ့သေးဘူး။ ဘာတစ်ခုမှ ထူးခြားမှုမရှိသေးဘူး။ အခုကတော့ ပုဏ္ဏားကျွန်းကနေတဆင့် ယိုးတရုတ် အဲဖက်တွေကို သွားပြီးတော့ရှာနေတယ်။ ရှာမတွေ့တဲ့အတွက် မိဘတွေအနေနဲ့ အလွန်စိုးရိမ်တာပေါ့” ဟု ပြောသည်။
၄င်းတို့ ၃ ဦးသည် မေလ ၁၆ ရက်နေ့က ဆိုင်ကယ်ဖြင့် ပြည်လုံးချမ်းသာ စစ်ဘေးရှောင်စခန်းမှ ပုဏ္ဏားကျွန်းမြို့သို့ သွားရာလမ်း၌ရှိသည့် စစ်ကောင်စီဂိတ်တစ်ခုတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောဆိုကြသည်။
ဖမ်းဆီးခံရစဥ် မိသားစုဝင်များအား ဖုန်းဖြင့် ၎င်းတို့ကို စစ်တပ်က ဖမ်းဆီးသွားပြီဖြစ်ကြောင်း အကြောင်းကြားခဲ့ပြီးနောက် အဆက်သွယ်ပြတ်သွားခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်သည်။
ဖမ်းဆီးခံခဲ့ရသည့် လူငယ်များသည် ပြည်လုံးချမ်းသာ စစ်ဘေးရှောင်စခန်းတွင် မိဘများနှင့်အတူ ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားချိန် ၂၀၁၈ ခုနှစ်လောက်ကပင် မိသားစုများနှင့်အတူ နေထိုင်နေကြသူများ ဖြစ်ကြသည်။
https://www.facebook.com/westernnewsagency/posts/527124265760749