ရသေ့တောင်မြို့မှ အသက်မပြည့်သည့် စစ်ဘေးရှောင် လူငယ် ၃ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး

By Western News/ 2022 May 17

ရခိုင်ပြည်၊ ရသေ့တောင်မြို့၊ ပြည်လုံးချမ်းသာ စစ်ဘေးရှောင်စခန်းမှ အသက်မပြည့်သည့် စစ်ဘေးရှောင်နေသည့် လူငယ် ၃ ဦးအား မြန်မာစစ်တပ်က ဖမ်းဆီးသွားသည်ဟု ဖမ်းဆီးခံရသည့် မိဘများက Western News ကိုပြောသည်။

ဖမ်းဆီးရခံသူများမှာ ရသေ့တောင်မြို့နယ်၊ လှိုင်ဂွင်ရွာမှ အဘ ဦးသန်းဟန်၏သား မောင်နေထွန်းဦး အသက် ၁၇ နှစ်၊ စေတီပြင်ရွာမှ အဘ ဦးသန်းမောင်ကြီး၏သား မောင်အောင်မျိုးခန့် အသက် ၁၆ နှစ် နှင့် ကျောက်တန်းရွာမှ အဘ ဦးကြည်မောင်၏သား မောင်ခိုင်မျိုးလင်း (ခ) မောင်ညို အသက် ၁၇ နှစ် တို့ ဖြစ်ကြသည်။

မနေ့က မေလ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ဖမ်းဆီးခံရသည့် လူငယ် ၃ ဦးသည် ဆိုင်ကယ်ဖြင့် ပြည်လုံးချမ်းသာ စစ်ဘေးရှောင်စခန်းမှ ပုဏ္ဏားကျွန်းမြို့သို့ သွားရာလမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မောင်အောင်မျိုးခန့်၏ မိခင်ဒေါ်ခင်ဝင်းနွယ်ကပြောသည်။

“မနေ့က နေ့လည် ၁၂ နာရီလောက်က စစ်ဘေးရှောင်စခန်းကနေ ကျမသားအပါအဝင် ၃ ယောက် ဆိုင်ကယ် တစ်စီးနှင့် ထွက်သွားကြတာပါ။ ညနေ ၄ နာရီလောက်မှာ သားဆီက ဖုန်းဝင်လာတယ် သားတို့ကို စစ်တပ်က ဖမ်းထားတယ် ဆိုပြီး ဖုန်းချသွားတယ်။ ဘယ်တပ်ရင်းက ဘာကြောင့်ဖမ်းတာလဲဆိုတာတော့ မသိလိုက်ရဘူး၊ ဘာအဆက်အသွယ်မှလည်း မရတော့ဘူး” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် လူငယ်များသည် ပြည်လုံးချမ်းသာ စစ်ဘေးရှောင်စခန်းတွင် မိဘများနှင့်အတူ ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားချိန် ၂၀၁၈ ခုနှစ်လောက်ကပင် နေထိုင်နေကြသူများ ဖြစ်ကြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲပေ။

https://www.facebook.com/westernnewsagency/posts/524297969376712

Leave a Reply

Your email address will not be published.