By Narinjara / 2022 May 20

ပြီးခဲ့သည့် မေလ ၁၆ရက်နေ့တွင် ဖမ်းဆီးခံလိုက်ရသည့် ရသေ့တောင်မြို့နယ်၊ ပြည်လုံးချမ်းသာ စစ်ဘေးရှောင်စခန်းမှ လူငယ် ၃ ဦးနှင့် ၅ ရက်ကြာလာသည့် တိုင်အောင် အဆက်အသွယ်မရဘဲ ဖြစ်နေ၍ မိသားစုများအနေဖြင့် စိုးရိမ်နေကြသည်ဟု ပြောသည်။
ဖမ်းဆီးခံထားရသူ မောင်အောင်မျိုးခန့်၏ အစ်မဖြစ်သူ မခိုင်သန်းနွယ်က “ဖမ်းသွားတဲ့နေ့ကနေ အခုချိန်ထိ ဘာသတင်းအစအနမှမရသေးဘူး။ စုံစမ်းတယ်။မရဘူး။ သူတို့က ဘာအပြစ်မှ လုပ်ထားတာမရှိဘူး။ သူတို့နဲ့အဆက်အသွယ်မရလို့ စိတ်ဆင်းရဲနေရပါ တယ်။ပြီးတော့ သူတို့က ကလေးပဲရှိသေးတယ်” ဟု ဆိုသည်။
ဖမ်းဆီးခံရသူမှာ မောင်နေထွန်းဦး ၁၇နှစ်၊ မောင်အောင်မျိုးခန့် ၁၆နှစ်နှင့် မောင်ခိုင်မျိုးလင်း ၁၇နှစ်တို့ဖြစ်သည်။
၎င်းတို့သည် သုံးဦးသည် မေလ ၁၆ ရက်က ၎င်းတို့နေထိုင်သည့် စစ်ဘေးရှောင် စခန်းမှ ပုဏ္ဏားကျွန်းမြို့သို့ ဆိုင်ကယ်ဖြင့် သွားခဲ့ပြီး ရသေ့တောင်မြို့သို့ အပြန် လမ်းခုလတ်တွင် စစ်ကောင်စီတပ်ဖွဲ့တစ်ခုက ဖမ်းဆီးသွားခဲ့သည်ဟု မိသားစုများက ပြောကြားသည်။
၎င်းတို့ သုံးဦးအထဲက မောင်အောင်မျိုးခန့်သည် စစ်သားများက သူတို့ကို ဖမ်ထားကြောင်း အဆိုပါ ညနေ ၄ နာရီခန့်တွင် မိဘကိုဖုန်းဆက် အကြောင်း ကြားခဲ့ပြီးနောက် ဖုန်းပိတ်သွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ အချိန်ကတည်းက သူတို့ သုံးဦးမှာ မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု မခိုင်သန်းနွယ်က ဆိုသည်။
ဖမ်းဆီးခံရသူ မောင်နေထွန်းဦးမှာ နွားလားကျော် ကျေးရွာမှဖြစ်ပြီး မောင်အောင်မျိုးခန့်မှာ စေတီပြင် ကျေးရွာဇာတိဖြစ်ကာ မောင်ခိုင်မျိုးလင်းမှာ ကျောက်တန်းကျေးရွာဇာတိဖြစ်ပြီး လက်ရှိတွင် စစ်ဘေးရှောင်စခန်း၌ ခိုလှုံနေကြသူများဖြစ်သည်။
https://www.facebook.com/narinjara.info/posts/5477323255613040