By Narinjara / 2022 May 30

ရခိုင်ပြည်နယ်အတွင်း အသက် ၁၅ နှစ်မှ ၁၈ နှစ်အထိကျောင်းသား၊ ကျောင်းသူများကို မြန်မာနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး (Myancopharm)ကို စတင်ထိုးပေးသွားမည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ယင်းသို့ထိုးပေးနိုင်ရန် လိုအပ်သည့် Myancopharm ကိုဗစ်ကာကွယ်ဆေးများသည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပြီးခဲ့သည့် မေလ ၂၈ ရက်တွင် စတင်ရောက်ရှိနေပြီဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရ ဉ္စရာကိုပြောသည်။
“ထိုးပေးရမဲ့နေ့ကို အတိမသိရသေးဘူး။ အစိုးရအဖွဲ့နဲ့အစည်းအဝေးလုပ်ပြီးမှ ဆေးထိုးပေးရမဲ့နေ့ကိုသိရမယ်”ဟု ပြောသည်။
Myancopharm ကိုဗစ်ကာကွယ်ဆေးကို မြန်မာနိုင်ငံမှ စက်မှုဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sinopharm China National Biotec Group (Sinopharm CNBG)တို့ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ်လအတွင်းက စတင်ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းဆေးကို မေလ ၄ ရက်က နေပြည်တော်၊ ခုတင် (၅၀)ဆံ့ ဇမ္ဗူသီရိဆေးရုံ၌ စတင်ထိုးနှံခဲ့ပြီး အသက် ၅ နှစ်အရွယ်အပါအဝင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များပါ ထိုးနှံနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရခိုင်ရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများကိုလည်း တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစားကိုဗစ်ကာကွယ်ဆေးများကို စတင်ထိုးပေးတော့မည်ဖြစ်ရာ လိုအပ်သည့်ဆေးများသည် မေလ ၂၈ ရက်တွင် စစ်တွေသို့ တစ်ပါတည်းရောက်ရှိနေပြီဟု သိရသည်။
မည်သည့်နေ့တွင် စတင်ထိုးပေးရမည်ကို လောလောဆယ် မသိသေးဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
ရခိုင်မှ အသက် ၁၂ နှစ်အထက် အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများကို ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်မှစတင်ကာ တရုတ်နိုင်ငံထုတ် Sinovac အမျိုးအစားကိုဗစ်ကာကွယ်ဆေးအား စတင်ထိုးနှံပေးခဲ့သည်။
https://www.facebook.com/narinjara.info/posts/5508436945835004