ရခိုင်နှင့်မူဆလင်အုပ်ချုပ်ရေးမှူး ၂ ဦး နှစ်ပတ်ကျော်ကြာဖမ်းဆီးခံရပြီးနောက် တရားရုံးမှ အာမခံဖြင့်ပြန်လွတ်လာ

By Narinjara / 2022 May 21

ဓာတ်ပုံ – ပုံဟောင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ မူဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရခိုင်လူမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးတို့သည် ၂ ပတ်ကျော်အကြာ ဖမ်းဆီးခံခဲ့ရပြီးနောက် မြို့နယ်တရားရုံးမှ အာမခံဖြင့် ပြန်လွတ်လာကြပြီ ဖြစ်ကြောင်း သိရသည်။

သူတို့နှစ်ဦးမှာ စစ်တွေမြို့နယ် ဘောဒူဖကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဖီးလ်နှင့် ကြက်ကိုင်းတန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်တို့ဖြစ်ကြသည်။

သူတို့သည် သစ်တောဥပဒေပုဒ်မ ၄၁(က)ဖြင့် အမှုဖွင့်ခံထားရပြီးနောက် ယမန်နေ့ မေလ ၂ဝ ရက် ညနေပိုင်းတွင် စစ်တွေမြို့နယ်တရားရုံးမှ အာမခံဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်ဟု  ဦးထွန်းလှစိန်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ရုံးတော့ တက်ရဦးမယ်။ မူဆလင်အုပ်ချုပ်ရေးမှူးရော လွတ်တယ်။ နှစ်ယောက်စလုံးက အဲဒီပုဒ်မနဲ့ပဲ” ဟု ၎င်းက ပြောသည်။

၄င်းတို့နှစ်ဦးသည် ပြီးခဲ့သည့် မေလ ၄ ရက်နေ့တွင် ကျေးရွာအတွင်းမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး နောက်တစ်နေ့တွင် ဦးထွန်းလှစိန်၏နေအိမ်အတွင်းမှ သစ်စက်တစ်လုံးနှင့် စုပုံထားသော သစ်များကို စစ်တပ်နှင့် ရဲတို့က ဝင်ရောက်ယူဆောင်သွားခဲ့ပြီးနောက် သစ်တောဥပဒေဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

အမည်မဖော်လိုသည့် အထက်တန်းရှေ့နေတစ်ဦးက “အဲဒီအမှုတွေက အာမခံရတယ်။ သစ်အမှုတို့ဆိုရင်တော့ ရဲကပဲစွဲမှာပေါ့နော်။ ဒါမှမဟုတ် ပိုင်ရှင်ကစွဲတာဖြစ်ဖြစ်ရှိမယ်ပေါ့နော်။ ဒီအမှုက အာမခံရတဲ့ အမှုဖြစ်တဲ့ အတွက် အာမခံဖို့လူနှစ်ယောက်လိုမယ်။ ဒါမှမဟုတ် ကိုယ်ပိုင်ခံဝန်နဲ့လည်း အာမခံနဲ့အိမ်မှာနေနေလိုက်၊ အမှုကတော့ ရုံးမှာစွဲတင်ထားပြီဖြစ်တဲ့အတွက် အမြဲတမ်းရင်ဆိုင်နေရမယ်။ အဲလိုမျိုးပါပဲ” ဟုပြောသည်။

ပြီးခဲ့သည့်မေလ ၃ ရက်ကလည်း AA ကို အမဲသားများ သွားရောက် ရောင်းချသည်ဟုဆိုကာ စစ်တွေမြို့မှ ဖမ်းဆီးခံခဲ့ရသည့် မူဆလင်ရွာသား ၅ ဦးကို မေလ ၅ ရက်နေ့တွင် ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

https://www.facebook.com/narinjara.info/posts/5480167028661996

Leave a Reply

Your email address will not be published.