ရခိုင်တွင် ယာဉ်စီးခ တိုးမြှင့်ကောက်ခံနေသည့် အဝေးပြေးယာဉ်လိုင်းများအား အရေးယူသွားမည်

By Western News/ 2022 May 05

ရခိုင်ပြည်နယ် စစ်တွေမြို့မှ ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် အဝေးပြေးယာဉ်လိုင်း တစ်ချို့ မှာ ခရီးသည်များထံမှ ယာဉ်စီးခများ တိုးမြှင့်ကောက်ခံနေသည့်အတွက် အဆိုပါယာဉ်လိုင်းများအား အရေးယူသွားရန် ရှိသည်ဟုစုံစမ်းစစ်ဆေးမှုမှာပါဝင်သည့် ယာဉ်လိုင်းတာဝန်ခံများထံမှ သိရသည်။

စစ်တွေမြို့တွင် ယာဉ်စီးခတိုးမြှင့်ကောက်ခံနေသည့်  ယာဉ်လိုင်းများအား အရေးယူနိုင်ရန် မထသ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ နှင့် ပုဂ္ဂလိကမော်တော်ယာဉ်များ ထိန်းသိမ်းရေးကော်မတီ တို့ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုများ စတင် လုပ်ဆောင်နေပြီဖြစ်သည်။

ယာဉ်စီးခတိုးမြှင့်ကောက်ခံနေသည့် ယာဉ်လိုင်းတစ်ချို့ရှိနေသည့်အတွက် ခရီးသည်များ နစ်နာမှုမရှိရအောင် စုံစမ်းစစ်ဆေးပြီး အရေးယူသွားဖို့ရှိသည်ဟု ပုဂ္ဂလိကမော်တော်ယာဉ်များ ထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင် ဂစ္ဆပ ကားဂိတ်မှ ဂိတ်မှူး ဦးချမ်းအေးမှ Western News ကိုပြောသည်။

“ယာဉ်စီးခတွေ တိုးမြှင့်ကောက်ခံနေတာ သိရတဲ့အတွက် ကျွန်တော်တို့ ပို့/ဆက်၊ မထသ တို့နဲ့ပူးပေါင်းပြီး လက်မှတ်တွေကိုစစ်ဆေးနေတယ်။ ကျွန်တော်တို့ စပြီးစစ်နေတာ (၂) ရက်ရှိပြီ။ တစ်ချို့ကားဂိတ်တွေက စျေးပိုရောင်းတာတွေတွေ့ရပြီး တစ်ချို့က ပုံမှန်အတိုင်းရောင်းချတာတွေ့ရတယ်။ လက်မှတ်စျေးနှုန်းတွေ စျေးပိုရောင်းချ နေတဲ့ ယာဉ်လိုင်းတွေကို သတိပေးထားပြီး နောက်ပိုင်းမှာ အရေးယူသွားမယ်” ဟုပြောသည်။

စစ်တွေမှ ရန်ကုန်သို့ ပြေးဆွဲလျက်ရှိသည့် ယာဥ်လိုင်းများအတွက် ယာဥ်စီးခနှုန်းထားများအနေဖြင့်  VIP ကားလက်မှတ်တစ်စောင် (၅၀၀၀၀) ကျပ် ၊ အထူးကားလက်မှတ်တစ်စောင် (၄၅၅၀၀) ကျပ် နှင့် ရိုးရိုးကားလက်မှတ်တစ်စောင် (၃၅၅၀၀) ကျပ်သာ ကောက်ခံရန် သတ်မှတ်ထားခြင်းဖြစ်သည်။

စစ်တွေမှ မန္တလေးသို့ ပြေးဆွဲလျက်ရှိသည့် ယာဥ်လိုင်းများအတွက် ယာဥ်စီးခနှုန်းထားများအနေဖြင့် လက်မှတ်တစ်စောင် ကို (၄၀၀၀၀) ကျပ် နှင့် (၃၅၀၀၀) ကျပ် နှစ်မျိုးသတ်မှတ်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ယာဥ်လိုင်းတစ်ချို့မှာ သတ်မှတ်ထားသည့် ယာဥ်စီးခနှုန်းထားများထက် (၁၅၀၀၀) ကျပ် ဝန်းကျင်အထိ တိုးမြှင့် ကောက်ခံမှုများ ရှိနေခြင်းဖြစ်သည်။

ခရီးသည်များအနေဖြင့်လည်း လက်မှတ်ဝယ်ယူရာတွင် ယာဥ်စီးခ တိုးမြှင့်ကောက်ခံမှုများတွေ့ရှိပါက မထသ နှင့် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန ရုံးများမှာ လာရောက် တိုင်ကြားကြရန်လိုသည်ဟု ဦးချမ်းအေးမှ ဆက်ပြောသည်။

လက်ရှိ ရခိုင်တွင် စစ်တွေမြို့မှ ရန်ကုန်သို့ ပြေးဆွဲနေသည့် ယာဥ်လိုင်း (၁၃) လိုင်းရှိပြီး မန္တလေးသို့ ပြေးဆွဲနေသည့် ယာဥ်လိုင်း (၇) လိုင်းရှိပြီး  ဆီစျေး မြှင့်တက်နေမှုတွေကြောင့် ယာဥ်လိုင်းတစ်ချို့ ပြေးဆွဲမှု ယာယီ ရပ်ဆိုင်းထားမှုများရှိသည်။

https://www.facebook.com/westernnewsagency/posts/516339846839191

Leave a Reply

Your email address will not be published.