ရခိုင်တွင် ကိုဗစ်စည်းကမ်းချက်များကို ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်

By Development Media Group (DMG)/ 2022 May 24

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူလျှော့ကျနေသော်လည်း လေယာဉ်ခရီးစဉ်လိုက်ပါမည့်သူများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းတို့တွင် ထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းချက်များကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရခိုင်မှ လေယာဉ်စီးမည့်ခရီးသည် နေ့စဉ် ၃၀၀ နှင့် ၄၀၀ ကို ကိုဗစ်ပိုးစစ်ဆေးလျက်ရှိပြီး ပိုးတွေ့ရှိသူမရှိကြောင်း ပြည်နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ဒီရောဂါဟာ မပေါ့ဆသင့်တဲ့အတွက် ပြည်သူတွေစည်းကမ်းလိုက်နာဖို့လိုပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ကျန်းမာရေးနဲ့ပတ်သက်ပြီး အသိပညာပေးမှုတွေလုပ်နေပါတယ်”ဟု ၄င်းကဆိုသည်။

မြန်မာနိုင်ငံအတွင်း ပြည်တွင်းလေယာဉ်စီးခရီးသွားမည့် မည်သူမဆို ကိုဗစ်ဆေးထိုးထားသူဖြစ်စေ၊ မထိုးထားသူဖြစ်စေ ၄၈ နာရီအတွင်း(Rapid Response Team-RPT) ကိုဗစ်ပိုးစစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာနမှ ၂၀၂၂ ခု ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် နယ်စပ်ကုန်သွယ်ရေးစခန်းတွင်လည်း COVID-19 ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေးစည်းကမ်းများ သတ်မှတ်ထားဆဲဖြစ်ကြောင်း စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ အတွင်းရေးမှူး ဦးအောင်အောင်ကပြောသည်။

“ကိုဗစ်စည်းကမ်းကတော့ ရှိသေးတယ်။ ဒါပေမဲ့ ရက်ကတော့ပြောင်းသွားပြီ။ အရင် ၁၀ ရက်ကနေ ဒီလကစပြီးတော့ ၅ ရက်ဖြစ်သွားပြီ။ အရင်တုန်းက ဘင်္ဂလာဒေးရှ်ကပြန်ဝင်လာတဲ့သူတွေကို Quaratine ၁၀ ရက်ထားပြီးတော့စစ်တယ်။ အခုကတော့ ၅ ရက်ဖြစ်သွားပြီ”ဟု ၄င်းကဆိုသည်။

လေယာဉ်စီးမည့်ခရီးသည်များမှာ ကိုဗစ်ပိုးစစ်ဆေးရသော်လည်း ကုန်လမ်းနှင့် ရေလမ်းခရီးသွားမည့်သူများမှာ ကိုဗစ်ပိုးစစ်ဆေးရခြင်း မရှိပေ။

“ကိုဗစ်စည်းကမ်းကတော့ အစိုးရက ကျန်းမာရေးကိစ္စနဲ့စီစဉ်ထားတာဖြစ်တယ်။ သို့သော် အခုက ကိုဗစ်ကအတိုင်းအတာတစ်ခုထိ အရှိန်လျှော့ကျသွားပြီဖြစ်တဲ့အတွက် အဲဒါတွေကို မြန်မြန်ဆန်ဆန်လျှော့ပေးသင့်တယ်လိုမြင်တယ်”ဟု ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်(REIC)မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးကပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ မေလ ၂၀ နေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ ၆၁၃,၂၀၃ ဦး၊ သေဆုံးသူ ၁၉,၄၃၄ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

https://www.facebook.com/dmgnewsagency/posts/2300830503402681

Leave a Reply

Your email address will not be published.