By Boder News Agency (BNA) / 2022 May 13
ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းအများစုမှာ ဆန်ရိက္ခာတွေပြတ်တောက်နေတာ ၃ လကျော်လောက်ရှိပြီလို့ စစ်ဘေးရှောင်စခန်းတာဝန်ခံတွေနဲ့ စစ်ရှောင်တွေက ပြောပါတယ်။
စစ်ဘေးရှောင်တွေအနေနဲ့ အစိုးရ လူကယ်ပြန်က လစဉ်ထောက်ပံ့ပေးနေတဲ့ ဆန်ရိက္ခာမရောက်တာ ၃ လကျော်ပြီဖြစ်တာကြောင့် ပစ္စည်းဥစ္စာတွေကို ပေါင်နှံတာနဲ့ အခကြေးငွေနဲ့ ရရာအလုပ်ကို လုပ်ကိုင်ပြီး ရှင်သန်နေရကြောင်း စစ်ဘေးရှောင်တွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန် (ခ) စက်မှုဇုန် စစ်ရှောင်စခန်းတာဝန်ခံ ဦးဝင်းမောင်က “ စားရေးသောက်ရေးက အရမ်းခက်ခဲနေတယ်။ အငတ်ဘေးနဲ့ ကြုံရတော့မယ်။ ဆန်းလည်း ဝယ်စားနေရတော့ အကြွေးတွေတင်ပြီး လိုက်မမှီတော့ဘူး။ လူကယ်ပြန်ကိုလည်း ပြောတယ်။ သူတို့က ဘတ်ဂျတ် ၃ လ ပိတ်လိုက်တယ်လို့ အကြောင်းပြန်တယ်။ ဒီလဆိုရင် ၄ လဆန်းပြီ။ ရမလားဆိုပြီး မျှော်လင့်နေကြတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်းနဲ့ မြေပုံမြို့နယ်တွေမှာ စစ်ဘေးရှောင်စခန်းတွေရာချီရှိနေပါတယ်။
အဲဒီမြို့နယ်တွေက စစ်ဘေးရှောင်စခန်းတွေမှာ ဆန်ရိက္ခာအကူအညီတွေပြတ်တောက်နေတာကို ဘယ်အဖွဲ့အစည်းကမှ ကူညီတာမရှိကြောင်း စစ်ဘေးရှောင်းတွေက ပြောပါတယ်။
နိုင်ငံတကာအကူအညီတွေကတော့ လစဉ်ပုံမှန် အချိန်ကျရင်ရောက်ကြပြီး အမိုးအကာ၊ လူအသုံးအဆောင်ပစ္စည်းတွေနဲ့ စစ်ဘေးရှောင်ကလေးငယ်တွေအတွက် အဟာရမုန့်တွေ လာပေးဝေတာရှိကြောင်း စစ်ရှောင်မိခင်တွေက ပြောပါတယ်။
ကျောက်တော်မြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ ဆန်ကတော့ လုံးဝအကူအညီမရောက်ဘူး။ WFP က လစဉ်ပေးနေတဲ့ ငွေသား ၁ သောင်း ၆ ထောင်တော့ရောက်တယ်။ အဲဒါနဲ့ပဲ ဆန်ဝယ်ပြီး စားကြရတယ်။ မိုးရာသီရောက်လာရင် ဘယ်လိုလုပ်ရမလဲမသိတော့ဘူး” လို့ ပြောပါတယ်။
အဲဒီက စစ်ဘေးရှောင်တွေဟာ စခန်းမှာ နေထိုင်းစားသောက်ရေး အခက်အခဲအကျပ်အတည်းတွေကြောင့် နေရပ်ပြန်သွားချင်ကြပေမယ့် မြေမြုပ်မိုင်း အန္တရာယ်နဲ့ ကျေးရွာတွေအနီးက တောင်ကုန်းတောင်တန်းတွေမှာ စစ်ကောင်စီတပ်တွေ စခန်းချနေထိုင်းနေတာကြောင့် မပြန်ရဲ ကြဘူးလို့ပြောပါတယ်။
ဥယျာဉ်သာကျေးရွာကနေ ဘူးသီးတောင်မြို့ပေါ်မှာ စစ်ဘေးလာရှောင်နေတဲ့ ဒေါ်ဦးဆန်းရီက “ရွာကိုတော့ ပြန်ချင်တာပေါ့။ ဒါပေမယ့် တာဝန်ရှိတဲ့သူတွေက ဘာမှပြောမပေးဘူး။ ရွာကိုပြန်ချင်တယ်။ ဘယ်လိုသွားရမလဲ အဲဒီလူတွေ(စစ်သားတွေ) ဆုတ်ပေးရင်သွားမယ်” လို့ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း အဓိကကျတဲ့တောင်ကုန်းတောင်တန်းတွေမှာ စစ်ကောင်စီတပ်တွေကနေရာယူထားကြောင်းသိရပြီး ကျေးရွာတွေအနီးက တောင်ကုန်းတွေပေါ်မှာလည်း စခန်းချနေထိုင်တာရှိတဲ့အတွက် နေရပ်မပြန်ရဲကြတာလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်း ရာနဲ့ချီရှိပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်တဲ့ စစ်ရှောင် ၆ သောင်းနီးပါးရှိနေသေးတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေနဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းကစပြီး ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်တော်(AA)တို့ရဲ့ ပြည်တွင်းစစ်ရေးပဋိပက္ခတွေကြောင့် ၂၀၂၀ နှစ်ကုန်ပိုင်းအထိ စစ်ဘေးရှောင် ဦးရေ ၂ သိန်းနီးပါးတိုးခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလရောက်တဲ့အခါတော့ မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်တော်(AA) တို့ကြား နှစ်ဖက်နားလည်မှုနဲ့ အပစ်အခတ်ရပ်စဲခဲ့တဲ့နောက်ပိုင်း နေရပ်ပြန်သွားတဲ့ စစ်ဘေးရှောင် ၁ သိန်းကျော်ထိရှိခဲ့ပြီး စစ်ဘေးရှောင် ၆ သောင်းနီးပါးမှာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးကြတာဖြစ်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=167161202392861&id=107469705028678