By Voice Of Westland (VOW)/ 2022 May 28

ရခိုင်ဒေသထွက် ကျောက်ပုစွန်နဲ့ ရွှံ့ကဏန်းတွေမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိမှုကို ဓာတ်ခွဲစစ်ဆေးဖို့နမူနာ (၉၄) ခုကို ပို့ထားပြီးပြီလို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
“ဓာတ်ခွဲခန်းက ပုံမှန်ဆိုရင် သုံးရက်လောက်ကြာတယ်ပြောတယ်။ ဒါပေမယ့် ဒို့က အချိန်တိုအတွင်းမှာပို့ထားတာ လောလောဆယ် ၉၄ ခုရောက်သွားပြီ။ နောက်ထပ်ထပ်ပို့မယ့်ဟာက ၅၀ လောက်ရှိသေးတယ်” လို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဦးက ပြောပါတယ်။
တခြားတိုင်းဒေသနဲ့ ပြည်နယ်တွေကလည်း ဓာတ်ခွဲစစ်ဆေးဖို့ နမူနာတွေပေးပို့နိုင်တဲ့အတွက် ရခိုင်ကနမူနာတွေအတွက် ဓာတ်ခွဲအဖြေထွက်လာဖို့ အချိန်ကြန့်ကြာနိုင်တယ်လို့ သူကပြောပါတယ်။
ဓာတ်ခွဲအဖြေထွက်လာတဲ့အခါ ပိုးတွေ့တဲ့နေရာတွေကိုတင်ပို့ခွင့် ရပ်ဆိုင်းထားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရခိုင်က တရုတ်ကိုတင်သွင်းနေတဲ့ ကျောက်ပုစွန်နဲ့ ရွှံ့ကဏန်းတွေမှာ White Spot Syndrome Virus(WSSV)ဗိုင်းရပ်စ်ပိုးတစ်မျိုးတွေ့ရှိတယ်ဆိုပြီး မေလ ၂၃ ရက်နေ့ကစပြီး ပြည်ပတင်ပို့မှု ရပ်နားဖို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနက အသိပေးခဲ့တယ်လို့ ကျောက်ပုစွန်အရောင်းအဝယ်လုပ်ငန်းရှင် ကိုကျော်သန်းက VOW ကိုပြောပါတယ်။
“ကျွန်တော်တို့ ဒီဗိုင်းရပ်စ်ပိုးတွေ့တယ်ဆိုပြီး ပြီးခဲ့တဲ့ သုံးလေးရက်လောက်က ငါးလုပ်ငန်းကလာပြီးအကြောင်းကြားတယ်။ ရှိတဲ့ ကျောက်ပုစွန်တွေကိုအဲဒီနေ့တစ်ခါတည်း တင်ပို့ဖို့ အပြတ်စီစဥ်ပေါ့နော်။နောက်နေ့တင်ပို့ခွင့် မျှောစာမပေးတော့ဘူးဆိုပြီးတော့ အကြောင်းကြားတယ်” လို့ ကိုကျော်သန်းက
ပြောပါတယ်။
ကျောက်ဖြူမြို့နယ်က ကျောက်ပုစွန်တင်ပို့နေတဲ့ လုပ်ငန်း ၂၂ ခုက နမူနာတွေမှာတော့ ဓာတ်ခွဲအဖြေရရရှိခဲ့ပြီဖြစ်တဲ့အတွက် ဒီကနေ့မှာ တင်ပို့ခွင့်မျှောစာရရှိခဲ့တယ်လို့ ကျောက်ပုစွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးခင်အေးမောင်က VOW ကို ပြောပါတယ်။
“ကျွန်တော်တို့ ကျောက်ဖြူမှာတော့ ဒီနေ့ ဓာတ်ခွဲစစ်ဆေးပြီးတဲ့အတွက် မျှောစာရတယ်။ တင်ပို့နေပြီ။အားလုံး ၂၂ ရှင်ပါ” လို့ သူကပြောပါတယ်။
White Spot Syndrome Virus(WSSV)ဗိုင်းရပ်စ်ပိုးဟာ အခွံမာရေငံနေသတ္တဝါတွေမှာ အဖြစ်များတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ၆ လတာမှာ ကဏန်းပျော့တန်ချိန် ၆၀၀၊ ရှော့ကဏန်း တန်ချိန် ၅၅၀၊ သဲကဏန်း တန်ချိန် ၁၀၀ ကျော်၊ ကျောက်ပုစွန်တန်ချိန် ၁၂၀ ထိ ပြည်ပကို တင်ပို့နိုင်ခဲ့တယ်လို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။