By Western News/ 2022 May 18
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ ထိပ်ပိုင်းခေါင်းဆောင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUGမှ ထိပ်ပိုင်းခေါင်းဆောင်တို့သည် ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့က ၂ နာရီကြာ အွန်လိုင်းတွေ့ဆုံမှု ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ကြသည်။
ထိုသို့ တွေ့ဆုံမှုနှင့်ပတ်သက်၍ NUGဖက်မှ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ရာတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)ကို “ရက္ခိုင်ပြည်သူ့အစိုးရ” ဟု တရားဝင် သုံးနှုန်းဖော်ပြရေးသားထားသည်ကိုတွေ့ရသည်။
အဆိုပါ အသုံးအနှုန်းကို လက်ခံကြသူများရှိသလို တစ်ချို့ကလည်း လက်ရှိနိုင်ငံရေးအခင်းအကျင်းတွင်သာ သုံးနှုန်းခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပြန်ပြောင်းသွားနိုင်ကြောင်းဝေဖန်ကြသည်။
ရက္ခိုင်ပြည်သူ့အစိုးရဟုသုံးနှုန်းမှုအပေါ် ကြိုဆိုကြောင်း၊ သို့သော် နောင်တချိန်တွင် မသုံးနှုန်းဘဲ ULA၏ လုပ်ရပ်များကို ဆန့်ကျင်လာလျှင် NUG အစိုအစိုးရ NUG အဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့်ပူပေါင်းဆောင်ရွက်မှုမှာ ခက်ခဲသွားနိုင်သည်ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဟောင်း ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းကဆိုသည်။
“ရက္ခိုင်ပြည်သူ့အစိုးရလို့ သုံးတာကိုတော့ ဝမ်းသာပါတယ်။ ရေရှည်အတွက် ဆက်သွားမယ်ဆိုရင် ဆက်ဆံရေးမှာအပြန်အလှန် အကျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် တစ်ပွဲထိုး တစ်ပွဲသုံးအနေနဲ့ ULA/AAနဲ့ပြေလည်ချင်လို့၊ ULA/AAရဲ့ အကူအညီရချင်လို့ ပူပေါင်းဆောင်ရွက်ချင်လို့ဆိုတဲ့ စိတ်ဓာတ်နဲ့လုပ်ရင်တော့ ဒါဟာ နိုင်ငံရေး မရိုးသားမှုဖြစ်တယ်။ ဒါဆိုရင် သမိုင်းမှာ NUGက ဒီအသုံးအနှုန်း အပေါ်မှာ တာဝန်ယူရမယ်။ နောင်တစ်ချိန်မှာ မသုံးတော့ဘဲ ULAရဲ့လုပ်ရပ်တွေကို ဆန့်ကျင်လာရင်တော့ NUGအစိုးရရဲ့ တာဝန်ပဲဖြစ်တယ်။ စိတ်ရင်းနဲ့ပြောတာ မဟုတ်ဘဲ အသုံးချတာဆိုရင် နောင်တစ်ချိန်မှာ NUG အစိုးရ၊ NUGအဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာနဲ့ပူပေါင်းဆောင်ရွက်မှုက ခက်ခဲသွားနိုင်တယ်” ဟုဆိုသည်။
ပြီးခဲ့သည့် မေလ ၁၅ရက်နေ့က ကျရောက်ခဲ့သည့် ၉ကြိမ်မြောက် ရခိုင်မျိုးသားနေ့ကို NUGအစိုးရဖက်က ပေးပို့သည့် သဝဏ်လွှာ၌ ရခိုင်ပြည်သူများ စစ်ရေး၊ နိုင်ငံရေးပဋိက္ခကြောင့် ထိခိုက်နာကျင်ခံစားရမှုများကို ကိုယ်ချင်းစာနာကြောင်းနှင့် မျက်ကွယ်ပြုခဲ့သည့်အတွက်လည်း စိတ်မကောင်းဖြစ်ရသည်ဟု ရေးသားထားသည်။
ယင်းအပြင် ရခိုင်ပြည်သူများခံစားခဲ့ရမှုတို့အတွက် တရားမျှတမှုနှင့်ရပိုင်ခွင့်များပြန်လည်ရရှိနိုင်အောင် NUGဖက်က သက်ဆိုင်ရာ အဖွဲ့အစည်းနှင့်အတူကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်းဖော်ပြမှုရှိခဲ့သည်။
ပြီးခဲ့သည့် NLDအစိုးရလက်ထက် ၅နှစ်အတွင်းက လွှတ်တော်အခင်းအကျင်းနှင့် နိုင်ငံရေးအခင်းအကျင်းတွင် NLDအစိုးရ၏ရပ်တည်ချက်များကို ပြည်သူအားလုံးသိမြင်ပြီးဖြစ်သည့်အတွက် လက်ရှိ ရက္ခိုင်ပြည်သူ့အစိုးရ ဟု သုံးနှုန်းခြင်းအပေါ် စောင့်ကြည့်သင့်သည်ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းဝင်းက သုံးသပ်ပြောဆိုသည်။
“အခုအသုံးအနှုန်းနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ အတိုင်းအတာတစ်ခုထိ စောင့်ကြည့်သင့်တယ်ဗျ။ ဆိုလိုတာက ပြီးခဲ့တဲ့ ၅နှစ်မှာ ကျွန်တော်တို့ လွှတ်တော် အခင်းအကျင်းတွေမှာကော ပြင်ပ နိုင်ငံရေးအသိုင်းအဝိုင်းတွေကြားထဲမှာပါ AAနဲ့တပ်မတော်နဲ့ဖြစ်ခဲ့တဲ့ကိစ္စတွေအပေါ်မှာ သူတို့ရဲ့ရပ်တည်မှုကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းမြင်ခဲ့ရပြီ။ ဒါကစစ်ရေးနဲ့ပတ်သတ်ပြီးသူတို့ရဲ့ရပ်တည်ချက်ဖြစ်မယ်။ နောက်တစ်ခုက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေမှာလည်း သူတို့ဖက်က တရားဥပဒေပြုရေးတွေမှာ တော်တော်အားနည်းခဲ့တယ်။ အားနည်းတဲ့အပြင် ပြဿနာတွေကို ဖြေရှင်းဆွေနွေးဖို့ ကြိုးစားတိုင်းမှာ ခါးခါးသီးသီးပြတ်ပြတ်သား ငြင်းဆိုတာရှိခဲ့တယ်။ဒါပေမယ့် နိုင်ငံရေး အခင်းအကျင်းတစ်ခုမှာ ထင်မထားတဲ့အပြောင်းအလဲတစ်ခုကို သူတို့ရောက်သွားတဲ့အခါမှာ သူတို့ရဲ့ အတွေးခေါ်တွေကို အတိုင်းအတာတစ်ခုထိ ပြောင်းရင်လည်းပြောင်းသွားမှာပေါ့။ အခြေအနေတစ်ခုထိတော့ ကျွန်တော်တို့ စောင့်ကြည့်ရမယ့်အနေအထားမှာရှိနေပါတယ်” ဟုဆိုသည်။
NUGဖက်က တစ်ခြားအဖွဲ့အစည်းများအပေါ်တွင် လည်း ယခုကဲ့သို့ အသုံးအနှုန်းကို အလွယ်တကူ တရားဝင် သုံးနှုန်းပြီးမှ စည်းရုံးရေး လုပ်တဲ့အနေအထားများကိုလည်းတွေ့ရှိရကြောင်း လက်တလော ၎င်းတို့ အခက်ကြုံနေရသည့် အခြေအနေမှာ သုံးနှုန်းခြင်းလားဆိုသည်ကိုလည်း မေးခွန်းထုတ်စရာဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
မြန်မာနိုင်ငံတွင် NLDအစိုးရအုပ်ချုပ်ခဲ့သည့် ၅နှစ်တာကာလအတွင်း ရခိုင်ပြည်နယ်တွင် ၂၀၁၈ခုနှစ် နောက်ပိုင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ဒေသခံပြည်သူ ၃၀၀ ထက်မနည်းသေဆုံးခဲ့ရသည်။
ယင်းပြင် စစ်ကြောရေးအတွင်း မြန်မာစစ်တပ်ဖက်က ရခိုင်ရှိပြည်သူများကို ဖမ်းဆီးနှိပ်စက်မှုများရှိခဲ့သလို တစ်ချို့ကိုလည်း AAနှင့်ဆက်စပ်သည်ဆိုကာ အကြမ်းဖက်ဥပဒဒေပုဒ်မအမျိုးမျိုးဖြင့်တရားစွဲဆိုခဲ့သည်။
အဆိုပါကာလအတွင်းက NLDအစိုးရအနေဖြင့် ရခိုင်ပြည်သူများကို မျက်ကွယ်ပြုခဲ့သည့်အပြင် မြန်မာစစ်တပ်ဖက်ကိုပင် ဂုဏ်ပြုချီးကျူးမှုများရှိခဲ့သေးသည်။ ထို့အပြင် NLD အစိုးရလက်ထက်တွင် ULA/AA ကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေငြာခဲ့သည်။
တိုက်ပွဲကြောင့် ဒေသခံ ၂သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေခဲ့ရစဉ် အစိုးရဖက်က ကူညီထောက်ပံ့မှုတို့ မရှိသလောက်နည်းပါးခဲ့သည်ကိုလည်း ရခိုင်ပြည်သူများကြား NLD အစိုးရ၏အုပ်ချုပ်ရေးယန္တရားကို ယုံကြည်မှုအားနည်းခဲ့ကြသည်။
၂၀၂၀ခုနှစ်က ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီက မဲအပြတ်အသတ်ဖြင့်အနိုင်ရရှိခဲ့သော်လည်း မဲလိမ်လည်သည်ဟု ဆိုကာ လက်ရှိစစ်ကောင်စီက ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ရက်နေ့တွင် အာဏာသိမ်းယူခဲ့သည်။
ယင်းနောက် NLDပါတီမှထိပ်ပိုင်းခေါင်းဆောင်တစ်ချို့ ဦးဆောင်ကာ အမျိုးသားညီညွတ်ရေးအစိုးရ NUGကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ဇန်နဝါရီလက အသစ်ဖွဲ့စည်းထားသည့် NUGမဟာမိတ်ကော်မတီမှ ULA/AAနှင့် မိတ်ဆက်ခြင်း အလွတ်သဘောတွေ့ဆုံလိုကြောင်းကို ပြီးခဲ့သည့် မတ်လ ၂၄ရက်နေ့က ထုတ်ပြန်တောင်းဆိုခဲ့သည်။
https://www.facebook.com/westernnewsagency/posts/525160892623753