By Voice Of Westland (VOW)/ 2022 May 17
ရက္ခိုင့်တပ်တော်(AA)နဲ့ မြန်မာစစ်တပ်တို့ကြား နှစ်ဖက်တင်းမာမှုတွေ ပိုမိုမြင့်တက်လာနေတဲ့ အနေအထားမှာ ရှိနေတယ်လို့ အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တယ်လို့ ရက္ခိုင့်တပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဉီးခိုင်သုခ က VOW ကို ပြောပါတယ်။
လက်ရှိမြေပြင် အနေအထားမှာ မြန်မာစစ်တပ်ဖက်က စစ်အင်အား တိုးချဲ့တာ၊ ရက္ခိုင့်တပ်တော်(AA)ရဲ့အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကိစ္စရပ်တွေကို အရင်တုန်းကထက်ပိုပြီး အနှောင့်အယှက်ပေးတာတွေ များလာနေတဲ့အတွက် အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။
“လက်ရှိ ရခိုင်ပြည်တွင်းထဲမှာတော့ မြန်မာစစ်တပ်ဘက်က စစ်အင်အား တိုးချဲ့တာတွေ၊နောက်ပြီး ကျနော်တို့ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စတွေကို အနှောင့်အယှက်ပေးလာတာတွေက အရင်ကထက်ပိုပြီး များလာတဲ့အတွက်နဲ့ အခုနောက်ပိုင်းမှာဆိုလို့ရှိရင် တစ်ဘက်နဲ့တစ်ဘက်ပိုပြီး တင်းမာလာနေတဲ့ အနေအထားဖြစ်ပါတယ်။ ဆိုတော့ အဲဒီကိစ္စနဲ့ ၁၅ ရက်နေ့က ကျနော်တို့ ထုတ်ပြန်ချက် တစ်ခုထုတ်ပြီးတော့ ပြည်သူလူထုကို သတိပေးထားတာ ရှိပါတယ်။ မြေပြင်အခြေအနေကတော့ အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တဲ့ အနေအထားမျိုးဖြစ်တယ်”လို့ ဦးခိုင်သုခက ပြောပါတယ်။
ရခိုင်ဒေသအတွင်း မြန်မာစစ်တပ်နဲ့နှစ်ဖက်တင်းမာမှုတွေ မြင့်တက်နေတာကြောင့် တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့နေထိုင်ရာနေရာတွေကို မသွားရောက်ကြဖို့ မေလ (၁၅) ရက်နေ့က ရက္ခိုင့်တပ်တော်(AA)က သတိပေးထုတ်ပြန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်(AA)နဲ့မြန်မာစစ်တပ်တို့ကြား (၂) နှစ်ကျော်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲ ကာလအတွင်း ဒေသခံတွေရဲ့နေအိမ်တွေ မီးရှို့ခံရတာ၊ ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရတာတွေကြောင့် ပြီးခဲ့တဲ့ နှစ်တွေထဲကလို တိုက်ပွဲပြန်လည် ဖြစ်ပွားမှာကို ဒေသခံတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေတာကြပါတယ်။