ရက္ခိုင့်တပ်တော်ရဲ့၁၃နှစ်တာခရီးကြမ်းနဲ့အာရက္ခ ပြည်သူတွေရဲ့ကံကြမ္မာ

By Boder News Agency (BNA) / 2022 May 14

အာရက္ခ ရေးသားပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၁၀ ရက်နေ့ဟာရက္ခိုင့်တပ်တော် (Arakan Army-AA)ကိုတည်ထောင်တာ ၁၃ နှစ် မြောက်နေ့ဖြစ်ပြီး အဲဒီနေ့မှာတော်လှန်ရေးအဖွဲ့တွေနဲ့နိုင်ငံရေးအင်အားစုအသီးသီးက သဝဏ်လွှာတွေပေးပို့ဂုဏ်ပြုလာကြတာကို တွေ့ရဖတ်ရပါတယ်။

အဲဒီလိုအဖွဲ့အစည်းပေါင်းမြောက်မြားစွာက အသိအ မှတ်ပြု၊ဂုဏ်ပြုကြတာကိုထောက်ရင် ၁၃ နှစ်တာဆိုတဲ့ အချိန်တိုတစ်ခုအတွင်းမှာတပ်သား ၂၆ ယော က်၊သေနတ်တစ်လက်၊လက်နက်ခဲယမ်းမဆိုစလော က်လေးနဲ့စခဲ့တဲ့ ရက္ခိုင့်တပ်တော်ဟာ အတန်အသင့်ခရီးပေါက်ခဲ့ပြီလို့ ပြောနိုင်ပါတယ်။

အဲဒီအပြင် ၂၀၂၁၊ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာ သိမ်းမှုနောက်ပိုင်းပေါ်ထွန်းလာတဲ့ နွေဦးတော်လှန် ရေးမှာလည်း တက်သစ်စဗမာတော်လှန်ရေးအင် အားစုတွေကို အကူအညီတွေပေးနေပေတာတွေကတဆင့် အေအေရဲ့လက်ရာခြေရာတွေကို တွေ့နေရပါတယ်။

လက်ရှိမှာ ဗမာလူမျိုးအများစုရဲ့ထော က်ခံကိုမှုရရှိထားပြီး စင်ပြိုင်အစိုးရလို့ သတ်မှတ်ထားတဲ့ National Unity Government (NUG)ရဲ့ တိုက်ရိုက်တမျိုး၊သွယ်ဝိုက်၍တဖုံ နိုင်ငံရေးမဟာမိတ်ဖွဲ့ဖို့ ကမ်းလှမ်းခံရတာကို ထောက်ရင်လည်း အေအေရဲ့ မြန်မာပြည်နိုင်ငံရေးမှာ အရေးပါနေမှုကို ပီပီပြင်ပြင်တွေ့ နိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးကိုရောက်ရှိလာဖို့အတွက် ရက္ခိုင့်တပ်တော်(AA)ဟာ မီးမုန်းတိုင်းတွေ၊ဓားတောင်ကြီးအသွယ်သွယ်စတဲ့ ကန္တရခရီးကြမ်းကြီးကို သ တ္တိ၊ဇွဲ၊အားမာန်အပြည့်နဲ့ဖြတ်ကျော်ရင်ဆိုင်လာခဲ့ရတာဖြစ်ပါတယ်။

အာရက္ခတော်လှန်ရေးဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆိုရင်လည်း အသက်ငယ်ပေမယ့် ရခိုင်လူမျိုးတွေသာမက တခြားလူမျိုးတွေပါ လေး စားအသိအမှတ်ပြုခံရသူ ဖြစ်ပါတယ်။

အချိန်တိုတခုအတွင်းမှာ ရခိုင်တပြည်လုံး အတိုင်း အတာနဲ့ ၆၀ရာခိုင်နှုန်းအထိထိန်းချုပ်ထားနိုင်ပြီလို့ အေအေဖက်က တရားဝင်ပြောဆိုထားပါတယ်။

ရခိုင်မှာစစ်ပွဲတွေအပြင်းအထန်ဖြစ်နေဆဲကာလဖြစ်တဲ့ ၂၀၀၉ နှောင်းပိုင်ကနေ ရက္ခိုင့်တပ်တော်ဟာ သူရဲ့နိုင်ငံရေးတောင်ပံဖြစ်တဲ့ United League of Ar akan(ULA)အားကြိုးမာန်တက်တည် ဆောက်ခဲ့သ လို ရက္ခိုင့်ပြည်သူ့အာဏာ ပိုင်အဖွဲ့လို့ခေါ်တဲ့  Arakan People’s Authority (APA)ကိုဖွဲ့စည်းပြီး အုပ်ချုပ်ရေး၊တရားစီရင်ရေးလုပ်ငန်းတွေကို စတင်အသက်သွင်းလာခဲ့တာ ခုအချိန်မှာ တရားစီရင်ရေး၊အုပ်ချုပ်ရေးလက်တံတွေ အတန်အသင့်ရှည်နေပြီဖြစ်ပါတယ်။

ဒီနေရာမှာ အာရက္ခပြည်သူတွေအတွက် အခရာကျတယ်လို့ထင်တဲ့ ကဏ္ဍနှစ်ခုကို လေ့လာဆန်းစစ်ကြည့်ပြီးတော့ ရက္ခိုင်တော်လှန်ရေး​ရှေ့အလားအ လာကို ဆန်းစစ်ကြည့်ပါမယ်။

အုပ်ချုပ်ရေး၊တရားဥပဒေစိုးမိုးရေးနဲ့တရားစီရင်ရေး

ရက္ခိုင့်တပ်တော်(AA)ရဲ့ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။

အဲဒီ ULA-AA ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြား ရေးတာဝန်ခံခိုင်သုခက တရားစီရင်ရေးဌာနသို့ တိုင်ကြားခဲ့တဲ့ အမှုပေါင်း ၂၀၂၁ ခုနှစ်အတွင်းမှာ ၃၈၃၈ မှုနဲ့ ၂၀၂၂ ခုနှစ် ပထမသုံးလကာလအတွင်းမှာ ၁၈၄၅ မှုရှိတယ်လို့ ဆိုပါတယ်။

အာရက္ခပြည်သူတွေဟာ အာဏာသိမ်း စကစရဲ့ တ ရားဥပဒေစိုးမိုးရေးယန္တ ရားထက် ULA-AA ရဲ့ယန္တရားကို ပိုပြီးအသုံးပြုလာကြတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ပေါ်တိုးတက်မှုဟာ ရခိုင်ပြည်မှာ နေထိုင်သူတစ်ယောက်အမြင်နဲ့ ပြောရရင်ကြိုဆိုရမယ့်အရာဖြစ်တယ်လို့ပြောနိုင်တာ အနည်းဆုံးအကြောင်းရင်းနှစ်ခုရှိပါတယ်။

ပထမအကြောင်းရင်းက တော်လှန်ရေးလုပ်တယ်ဆိုတာ ရှိရင်းစွဲအာဏာရှိအုပ် စုဆီက အာဏာကိုရယူခြင်းဖြစ်တဲ့အတွက် အရေးကြီးတဲ့တရားဥပဒေစိုးမိုးရေးအာဏာကိုရယူနိုင်တယ်ဆိုတာ အရေးပါတဲ့ အောင်မြင်မှုဖြစ်ပါတယ်။

ဒုတိယအကြောင်းရင်းက ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ အပိုင်းဖြစ်ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း စကစဟာ မိမိရဲ့သက် ဆိုးရှည်ရေးကိုသာ အာရုံစိုက်နေရတဲ့အတွက် တစ် နိုင်ငံလုံးမှာ တရားစီရင်ရေးကို စိတ်မဝင်စားတော့သလို၊လုပ်ဆောင်နိုင်စွမ်းလည်းမရှိတော့တာကို သတိထားတွေ့မိပါတယ်။

ဒီလိုတရားဥပဒေစိုးမိုးရေလေဟာနယ်ကို ULA-AA အနေနဲ့ ဝင်ရောက်နေရာယူပေးနိုင်တာ ရခိုင်ပြည်သူတွေအတွက် အင်မတန်အကျိုးများတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။

ဒါပေမယ့် တရားဥပဒေစိုးမိုးရေးဝန်ထမ်းတွေကလည်း လူသားတွေဖြစ်တဲ့အတွက် သူတို့ကိုစနစ် တကျတည့်မှတ်ထိန်းကျောင်း၊ကြပ်မတ်ပေးနိုင်တဲ့ ခိုင်မာတဲ့ Institutionမရှိတဲ့ အခြေအနေမှာ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်သူတွေကိုယ်တိုင် တရားဥပဒေစိုးမိုးရေးဆိုင်ရာပြဿနာတွေ ဖြစ်လာတတ်ကြတာကို သတိထားကြဖို့လိုအပ်ပါတယ်။

ပညာတတ်တဲ့လူ့စွမ်းအားအရင်းအမြစ်အလုံအ လောက်မရှိတာကလည်း ဒီပြဿနာကို ပိုဆိုးစေတဲ့အရာတစ်ခုဖြစ်ပါတယ်။

အရပ်ဘက်အုပ်ချုပ်ရေးမှာ ဝင်ရောက်လုပ်ကိုင်နေသူတွေဟာ တတ်သိကျွမ်းကျင်လို့မဟုတ်ဘဲ အမျိုး သားရေးစိတ်အခံနဲ့ မုဆိုးစိုင်းသင်ဝင်လုပ်နေတယ်ဆိုပြီး မကြာခဏပြောကြတာတွေ့ရပါတယ်။ဒီလိုအခြေအနေတွေဟာ ခုရခိုင်မှာဖြစ်ပျက်နေတဲ့ ပကတိအရှိတရားတွေသာ ဖြစ်ပါတယ်။

ဒီနှစ်မတ်လ ၃၁ ရက်နေ့က မိသားစုဝင်တစ်ဦး နှိပ် စက်ထားတဲ့ဒဏ်ရာတွေနဲ့အသက်ဆုံးသွားတယ်ဆိုပြီး သတင်းတစ်ပုဒ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့လာခဲ့ပါတယ်။

နောက်ပိုင်းမှာ ရက္ခိုင်တပ်တော်ရဲ့ပြန်ကြားရေးတာ ဝန်ခံ ခိုင်သုခအပါအဝင် အေအေဘက်မှလူတချို့က သေဆုံးသွားသူဟာ သူတို့ရဲ့လူဖြစ်ကြောင်း၊သူ့ဟာ လူသတ်၊အလောင်းဖျောက်မှုတစ်ခုအတွက် စစ် ဆေးနေယင်း ဆီးချိုရောဂါကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

ဒီပြောဆိုချက်ကို မိသားစုဘက်က အခိုင်အမာငြင်းဆိုထားပြီးသေဆုံးသွားသူမှာ ဆီးချိုရောဂါအခံမရှိဘူးလို့လည်း ဆိုကြပါတယ်။

တကယ်လိုများ ဆီးချိုရှိတယ်ဆိုရင်လည်း နေ့ချင်း ညချင်းသေဆုံးသွားစရာ အကြောင်းမရှိသလို ကိုယ့်ဘက်က လုပ်ရပ်အမှားကိုဝန်ခံဖို့ထက် သေဆုံးသူနဲ့ နစ်နာတဲ့သူ့မိသားစုဝင်တွေကို ပုံဖျက်ဖို့ ကြိုးစာတာနဲ့ တူနေပါတယ်။

ဒီအကြောင်းကို ဖြစ်ရပ်မှန်ပေါ်အောင် စုံစမ်းစစ် ဆေးဖော်ထုတ်သွားမယ်လို့ ကတိပေးထားတာမို့ ဘယ်လိုရှင်းလင်းချက်၊တွေ့ရှိချက် ထွက်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဒီဖြစ်စဥ်မှာအနည်းဆုံးက မိသားစုဝင်တွေအနေနဲ့ ဖြစ်ရပ်မှန်ကိုသိခွင့်ရဖို့ လိုအပ်ပါတယ်။

ရခိုင်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ဖက်ကဖမ်း ဆီးထားသူတွေရဲ့အခြေခံလူ့အခွင့်အရေးတွေကို ULA/AAအနေနဲ့ပိုပြီးအလေးအနက်ထား လေးစားလိုက်နာဖို့ လိုအပ်မယ်ထင်ပါတယ်။

နောက်ထပ် လင်မယားရန်ဖြစ်ရင်းတိုင် တန်းရာမှာ ယောကျ်ားဖြစ်သူ အဖမ်းခံရပြီး လက်လွန်သွားတဲ့ကိစ္စရယ်။ကျောက်တော်က နွားပျောက်/အရောင်း အဝယ်ကိစ္စနဲ့ ဆက်စပ်ပြီး အသတ်ခံရတဲ့ လူတစ်ယောက်ရဲ့အမှုတွေအပါအဝင် အမှုကိစ္စတချို့ဟာ ပြည်သူလူထုယုံကြည်မှုကို လျော့နည်းကျဆင်လာစေခဲ့ပါတယ်။ဒီအမှုတွေဟာ ပြည်သူလူထုဆီက ပေါက်ကြားလာတဲ့ အမှုတွေထဲက တချို့သာ ဖြစ်ပါတယ်။

ဒီလိုလူသတ်မှုတွေ၊ဒီလောက်မဆိုး​ဝါးတဲ့အမှုတွေ အပါအဝင် လူမသိ၊သူမသိ ဖမ်းဆီးခံ၊ရိုက်နှက်ခံရတဲ့ အမှုတွေလည်း “မနည်းမနော”ရှိတယ်လို့ ULA- AA နဲ့ နီးစပ်သူတစ်ယောက်က ဆိုပါတယ်။

လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း ဒီလိုသဘောမျိုးရေးသားပြောဆိုကြတဲ့ လူတချို့လည်း ရှိနေပါတယ်။ဒီအမှုတွေနဲ့ပတ်သက်ပြီး ULA-AA ဘက်က သမာသမတ်ကျကျကိုင်တယ်ဖြေရှင်းပေးတာ မတွေ့ရသေးဘူးလို့ ရခိုင်ပြည်သူတွေက ဆိုပါတယ်။

ဒီနေရာမှာပိုဆိုးတာက ခိုင်သုခအပါအ ဝင် အေအေနဲ့နီးစပ်သူ ခေါင်းဆောင်တ ချို့ ဒီအကြောင်းတွေကို ထုတ်ဖော်ရေးသားသူတွေ၊ဝေဖန်ပြောဆိုထောက်ပြသူတွေကို ခြိမ်းခြောက်မှုအသွင်ဆောင်တဲ့ ပို့စ်တွေရေးကြတာဖြစ်ပါတယ်။

သူတို့ကိုယ်တိုင်က ULA-AAကို ဝေဖန်ထောက်ပြ အ ကြံပြုကြသူတွေဟာရန် သူဖြစ်တယ်ဆိုတဲ့ သဘောမျိုး အာဏာရှင်ဆန်ဆန် တွေးကြတာများလားလို့ စဉ်းစားစရာဖြစ်စေပါတယ်။

ပြည်သူလူထုကြောက်ရတဲ့ နိုင်ငံရေးခေါင်း‌ဆောင်၊အစိုးရဆိုတာ အာဏာရှင်အစိုးရပဲ ဖြစ်ပါတယ်။အစိုးရတစ်ရပ်ကို အကြောက်တရားမရှိ ဝေဖန်ပြော ဆိုရေးသားခွင့်ဆိုတာ ပြည်သူတစ်ယောက်ရဲ့တကယ့်အခြေခံလူ့အခွင့်အရေးပဲဖြစ်ပါတယ်။

ဒီနေရာမှာ ပြည်သူလူထုဘက်ကလည်း မျက်ကန်းတစ္ဆေယုံသလိုမျိုး ခေါင်းဆောင်တွေကို အလွန်အ မင်းပုဂ္ဂိုလ်ရေးအရ ကိုးကွယ်တာတွေ၊အဖွဲ့အစည်းနဲ့ပတ်သက်ပြီး အကြွင်းမဲ့ယုံကြည်တာတွေဟာ ပြည် သူလူထုရဲ့တာဝန်အတိုင်း အစိုးရ၊ခေါင်းဆောင်ကို တည့်မှတ်ထိန်းကျောင်းရာမမြောက်ဘဲ ပေါ်ပျူလစ်လမ်းကြောင်းကို တွန်းပို့နေကြသလို ဖြစ်ပါတယ်။

အမျိုးသားရေးနှိုးဆော်မှုတွေ၊မိန့်ခွန်းတွေ၊အရေးအသားတွေမှာ အမျိုးသားတော်လှန်ရေးလုပ်တယ်ဆိုတာ ကိုယ်လူမျိုးတွေအတွက် စွန့်လွှတ်အနစ်နာခံမှုတို့၊လွတ်လပ်မှုကို မြတ်နိုးစိတ်တွေလို မြင့်မြတ်တဲ့စိတ်နေသဘောထားကို အခြေခံတယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် အောက်ခြေလူတချို့က “တော်လှန်ရေး” လုပ်တယ်ဆိုတာ အခွင့်အရေးရလိုမှု၊အာဏာပြလိုမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။အမျိုးသားရေး သာကူးတွေရှိနေတယ်ဆိုတာလည်း အထူးတလည် ထောက်ပြစရာလိုမယ် မထင်ပါဘူး။

တချို့ မြို့ပြနဲ့ ကျေးလက်ဒေသတွေမှာဖြစ်နေတာက ULA အောက်ခြေဝန်ထ မ်းကိုသာမကဘဲ သူတို့ရဲ့မိန်းမတွေ၊မိသားစုဝင်တွေ၊ဆွေမျိုးတွေကိုပါ ကြော က်နေရတဲ့ အခြေအနေဖြစ်လာနေပါတယ်။

နိုင်ငံရေးနဲ့ဘာမှမဆိုင်တဲ့ လူမှုရေးကိစ္စတစ်ခုခုမှာဆိုရင်လည်း သူတို့နဲ့အချေအတင်ဖြစ်ရမှာကို အာရက္ခပြည်သူတွေ စိုးရိမ်လာနေကြရပါတယ်။

“ရခိုင်ပြည်တွင်းက တချို့နေရာတွေမှာ ပြည်သူ့အာ ဏာပိုင်အဖွဲ့ကဆိုပြီး ဥပဒေကိုကျော်လွန်ပြီး တရား လက်လွတ်လုပ်ဆောင်မှုတွေဟာ ခပ်စိပ်စိပ်ကြားလာနေရတဲ့အတွက် အချိန်မီတားဆီးထိန်း သိမ်းဖို့ လိုအပ်နေပြီလည်းဖြစ်ပါတယ်။” လို့ အေအေကိုထောက်ခံရေးသားလေ့ရှိတဲ့ ရခိုင်မီဒီယာတစ်ခုကတောင် ရေးသားပြောဆိုထားပါတယ်။

ဒီအခြေအနေက ဗမာပြည်ကအာဏာရှင်ကာလတွေမှာ အဆိုးဆုံးအခြေအနေနဲ့ တူနေပါတယ်။ရွာသူ ကြီး၊ရဲ၊စစ်သား၊သူတို့မိသားစုဝင်ကအစ အကုန်ကြောက်ရသလိုမျိုး။ခုလိုမျိုး မလျော်ဩဇာသုံးတဲ့ ကိစ္စတွေ ဒီထက်ကျယ်ပြန့်လာရင် ULA/AA အပေါ် ပြည်သူလူထုယုံကြည်မှု ကျဆင်းလာမှာကို စိုးရိမ်ရပါတယ်။ဒီကိစ္စကို ခုထက်ပိုအာရုံစိုက်ပြီး ဂရုတစို က်ကိုင်တွယ်ရမှာဖြစ်ပါတယ်။

တော်လှန်ရေးရေချိန်ကို အုပ်ချုပ်ရေးယန္တရားက အဟန့်အတားမဖြစ်စေဖို့ အုပ်ချုပ်ရေးယန္တရားအလွဲအမှားတွေကို အချိန်မီတည့်မှတ်ပြီး အာရက္ခပြည် သူလူထု နှစ်ပေါင်းများစွာမျှော်လင့်တောင့်တနေတဲ့၊ပြည်သူလူထုနဲ့ ထိုက်တန်တဲ့ ကောင်းမွန်သောအုပ် ချုပ်မှုတစ်ရပ်ကို စောသထက်စောစီးစွာ ပေါ်ထွက်လာဖို့ မျှော်လင့်ပါတယ်။

ရခိုင်နိုင်ငံရေးလာသူတစ်ဦး ထောက်ပြသလို လက် ရှိအခြေအနေက စကစနဲ့ရက္ခိုင်တပ်တော်တို့ အား ပြိုင်နေကြတဲ့ အုပ်ချုပ်ရေး၊လုံခြုံရေးအခြေအနေအဆင့်မှာရှိနေတဲ့အတွက် ရက္ခိုင်ပြည်သူတွေ နှစ်ဖက်ပိတ်ညှပ်နေကြရပါတယ်။

ခုရက်ပိုင်းတွေမှာ စကစက ရခိုင်ပြည်က တချို့နေ ရာတွေမှာ စိတ်ကူးပေါက်သလို ရွာတွေကို ဝင်စစ်နေပါတယ်။ဒီလိုစစ်တဲ့အခါမှာ အေအေက လူငယ်တွေတောင် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာရှိတယ်လို့ ကြားနေရပါတယ်။

ရခိုင်ကမြို့နယ်ဆက်လမ်းတွေမှာလည်း ရှောင်တ ခင်စစ်ဆေးရေးဂိတ်တွေချပြီး လူတွေ၊ယာဉ်တွေကို စစ်ဆေးနေတုန်းပါပဲ။အခွန်အခတွေဆိုရင်လည်း နှစ်ဘက်စလုံးကို ပေးနေကြရပါတယ်။

အေအေထိန်းချုပ်မှုမရှိတဲ့ နေရာတွေမှာဆိုရင် ဒီလိုအခွန်ပေးသူတွေဟာ စကစက ဒုက္ခလာပေးမှာကို စိုးရိမ်နေကြပါတယ်။

မကြာသေးခင်ကလည်း စစ်တွေက ရိုဟင်ဂျာလုပ် ငန်းရှင်တချို့ကို ULA -AA ကို အခွန်ဆောင်တယ်ဆိုတဲ့ သံသယနဲ့ စကစ ဖမ်းဆီးခဲ့တာ ရှိပါတယ်။

နယ်ဘက်က တချို့ရိုဟင်ဂျာရွာတွေဆိုရင်လည်း နှစ်ဖက်ကြားပိတ်မိနေသလို ဖြစ်တဲ့အတွက် နှစ်ဘ က်လုံးကို ကြောက်နေရတဲ့အခြေအနေမှာ ခက်ခက်ခဲခဲ ရပ်တည်နေကြရပါတယ်။

အေအေဟာ ခုအချိန်အထိ တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်တဲ့အတွက် စကစဟာ ရခိုင်ပြည်သူတွေကို ထင်တိုင်းဖမ်းဆီးဖို့အတွ က် ဆင်ခြေတစ်ခုအဖြစ်ရှိနေတုန်းပါပဲ။

ULA-AA လုံးဝထိန်းချုပ်တဲ့ နေရာတွေကလွဲရင် ရခိုင်ပြည်အနံ့အပြားက ရခိုင်ပြည်သူတွေကို စကစရဲ့ ဖိနှိပ်မှုကနေ အကာအကွယ် မပေးနိုင်သေးပါဘူး။ ကုန်စည်စီးဆင်းမှု၊သယ်ဆောင်မှုတွေကိုကအစ စကစက ထိန်းချုပ်ထားတုန်းပါပဲ။

ရက္ခိုင့်တပ်တော်ဖော်ဆောင်နေတဲ့ ရခိုင်လူမျိုးတွေရဲ့အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲဖြစ်တဲ့ ရက္ခိတလမ်းစဉ်ဟာ သုံးပုံနှစ်ပုံခရီးပေါက်နေပြီလို့ ခိုင်သုခက ထုတ်ဖော်ပြောထားတာရှိပါတယ်။

အေအေဟာ ရခိုင်ပြည်နယ်မြေရဲ့ ၇၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မီဒီယာတွေကို ပြောထားတာရှိပါတယ်။ဒါက မြေပြင်မှာ အမှန်တကယ်ဖြစ်နေတယ်ဆိုရင်တောင် ဒီထိန်း ချုပ်မှုဟာ စစ်ရေးအရထိန်းချုပ်တယ်လို့ပဲ ယူဆနိုင်မယ် ထင်ပါတယ်။

တကယ်တမ်းပြောရရင် ရခိုင်ပြည်က လူထုဟာ စီးပွားရေး၊ကျန်းမာရေးတွေလို မရှိမဖြစ်ဝန်ဆောင်မှုတွေအတွက် စစ်ကောင်စီအပေါ် ရာနှုန်းပြည့် မှီခိုနေရဆဲဖြစ်ပါတယ်။

ဒီအခြေအနေကို ပိုပြီးထင်ရှားစေတဲ့အချက်က စကစရဲ့ဝင်ငွေအိုးကြီးတစ်ခုဖြစ်တဲ့ကျောက်ဖြူက ရွှေဂတ်စ်စီမံကိန်းကို အေအေအနေနဲ့လုံးဝမတို့မထိနိုင်သ လို ဒီဝင်ငွေကို ရခိုင်ပြည်သူတွေအတွက် တစ်စုံတစ် ရာတောင်းဆိုရယူနိုင်ခြင်းမရှိသေးတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

ရခိုင်ပြည်ကို အာဏာသိမ်းစစ်ကောင်စီက မဟာဗျူ ဟာအရ ရာနှုန်းပြည့်ထိန်း ချုပ်ထားဆဲဆိုရင်လည်း မှားမယ်မထင်ပါဘူး။

ရခိုင်ပြည်လူမှုစီးပွားရေးအခြေအနေ

အာရက္ခပြည်ရဲ့လူမှုစီးပွားရေးအခြေ အနေဟာ ၂၀၂၁ ဖေဖော်ဝါရီအာဏာသိမ်းမှုမဖြစ်ခင် အချိန်အထိ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်ထဲက တစ်ခုဖြစ်တယ်ဆိုတာက စရမယ်ထင်ပါတယ်။

ရခိုင်ဟာ အခြားနေရာတွေထက် ပိုပြီးတည်ငြိမ်မှုရှိတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်တယ်ဆိုပေမယ့် တစ်နိုင်ငံလုံးရဲ့စီးပွားရေးအ ပေါ်ကျိုးသက်ရောက်မှုရှိတဲ့ ငွေကြေးဖောင်းပွမှု၊လျှပ်စစ်အားပြတ်တောက်မှု၊အခြေခံစားသောက် ကုန်အပါအဝင်အခြားသောထွက်ကုန်၊ထုတ် ကုန်တွေ ဈေးမြင့်တာလာမှုစတဲ့အာဏာသိမ်းမှုရဲ့ အ ကျိုးဆက်ကို ခံကြရတာပါပဲ။

ရခိုင်က ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေဟာ ဗမာပြည်ဘက်က တဆင့်ဝယ်ယူရတဲ့အတွက် စျေးပိုကြီးတဲ့အပြင် စကစရဲ့ကုန်စည်စီးဆင်းမှုအ ပေါ် ပိတ်ဆို့ထားတဲ့အတွက် စီးဆင်းမှုပိုပြီးနှောင့် နှေးတယ်လို့ ဆောက်လုပ်ရေးအသိုင်းအဝိုင်းက ပြောဆိုပါတယ်။

ခုနောက်ပိုင်း ရခိုင်ပြည်မှာရော ဗမာပြည်ဘက်မှာပါ အလုပ်အကိုင်ရှားပါးတဲ့အတွက် ရခိုင်ပြည်သူတွေ နေ့စဉ်နဲ့အမျှ အိမ်နီးချင်းနိုင်ငံတွေကို တရားဝင်နည်းလမ်း၊တရားမဝင်နည်းလမ်းတွေကနေ အလုံးအရင်းနဲ့ ထွက်နေကြပါတယ်။

ပတ်စပို့ရုံးတွေ၊လူပွဲစားတွေ အလုပ်ဖြစ်နေကြပါတ ယ်။ စီးပွားရေးလက်ကြီးသမားတွေ၊ခရိုနီတွေနဲ့ မြို့ပေါ်က အရောင်းအဝယ်လုပ်တဲ့ အသေးစားလုပ်ငန်းရှင်တွေကလွဲရင် သာမန်ပြည်သူလူထုက စီးပွားရေးတော် တော်ကြပ်လာတာ တွေ့ရပါတယ်။

ခုဆိုရင် ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေဟာ သူခိုးတွေပေါလွန်းလို့ စောရမြို့တော်ဆိုပြီး နာမည်ဆိုးရလာခဲ့ပါတယ်။

ရခိုင်ပြည်စီးပွားရေးအပေါ် အကျိုးသက်ရောက်တဲ့ မက်ခရိုစီးပွားရေးဆိုင်ရာ အခြေအနေတွေက ULA- AA ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ဘောင်၊စွမ်းရည်ထက် ကျော်လွန်တယ်ဆိုတာ လက်ခံပေမယ့် အာရက္ခပြည်သူတွေရဲ့ စီးပွားရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့က သူတို့မှာ အဓိကတာဝန်အရှိဆုံးဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေဆီက အခွန် ကောက်တာထ က်ပိုလွန်တဲ့ စီးပွားရေးဆိုင်ရာအစီအစဉ်တွေ လုပ် ဆောင်ဖို့ လိုပါတယ်။

ဒီလိုစီးပွားရေးကျပ်တည်းနေတဲ့ အခြေအနေမှာ အ ခွန်နှစ်ထပ်အကောက်ခံရတဲ့အလတ်စား၊အသေးစားလုပ်ငန်းတွေရော၊အခြားငွေကြေးကောက်ခံတာတွေကြုံရတဲ့ ကျေးလက်နေပြည်သူတွေရော ရှေရည်မှာ အခွန်ပန်းလာမယ့်သဘောတွေ့ရပါတယ်။အခွန်အခဝန်ပန်းလာနေကြပြီးလို့လည်း နယ်ဘက်တွေက ကြားနေရပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်နေ့က ကျောက်တော်မြို့ မဟာမုနိဘုရားစစ်ဘေးရှောင်စခန်းမှာ မီးလောင်မှုကြောင့် စစ်ဘေးရှောင်နေအိမ် ၂၆၂ အိမ် ပြာကျသွားခဲ့ပြီး လူတစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ပါတ ယ်။တစ်ပူပေါ်တစ်ပူဆင့်တယ်လို့ပဲ စိတ်မကောင်းစွာ ပြောရမှာ ဖြစ်ပါတယ်။

ဒီမတိုင်ခင်လည်း ရခိုင်က စစ်ဘေးရှောင်တွေဟာ မဝရေစာစားပြီး ဂုဏ်သိက္ခာကင်းမဲ့စွာ အသက်ဆ က်နေလာခဲ့ကြာတာ နှစ်နှစ်ကျော်လာပါပြီ။အိမ်ပြန်နိုင်မယ့်ရက် မသိသေးသလို ထမင်းနောက်တစ်နပ် ဘယ်ကလာမလဲဆိုတာတောင် မသိကြရတဲ့ အခြေ အနေဖြစ်ပါတယ်။

ဒီစစ်ဘေးရှောင်ကိစ္စကိုလည်း ULA-AA ဘက်က ခုထက်ထင်သာမြင်တာတဲ့၊ပိုပြီးထိရောက်တဲ့ ခေါင်း ဆောင်မှုနဲ့ ကိုင်တယ်ဖြေရှင်းသင့်တယ်လို့ မြင်ပါတ ယ်။သူတို့ရဲ့အခက်အခဲက အရေးကြီးသလို အရေးပေါ်အခြေအနေလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ၊လူငယ်တွေအတွက် ပညာရေးအခွင့်အလမ်းတွေ ရှားပါးနေချိန်မှာ လှိုင်လှိုင်ပေါနေတာ တစ်ခုရှိပါတယ်။

အဲဒါကမူယစ်ဆေးဝါးပါ။မူးယစ်ဆေးဝါးပြဿနာအကြောင်းကို ရခိုင်အခြေစိုက်သတင်းဌာနတွေသာမက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးသူတချို့ကပါ စိုးရိမ်တကြီးထောက်ပြလာကြတာတွေ့ရပါတယ်။

ရခိုင်လူမျိုးတွေရဲ့ အထွတ်အမြတ်ထားရာ ရှေး ဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးက ဘုရားတချို့မှာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ဆက်စပ်တဲ့ ပစ္စည်းအ သုံးအဆောင်တွေ့လာရပါတယ်။

အာရက္ခပြည်က အထင်ကရ ဘုရားရုပ်ပွားတော်၊စေ တီတော်တွေ ကိန်းဝပ်ရာဖြစ်တဲ့ ကျောက်တော်တော င်၊မင်းပြားကျိန်းတောင်တို့ဟာလည်း အလားတူအခြေအနေတွေ ကြုံနေရတယ်ဆိုပြီး ဒေသခံတွေက ပြောကြပါတယ်။

ဒါပေမယ့်မူးယစ်ဆေးဝါးရောင်းသူတွေကို ဘယ်အာဏာပိုင်အဖွဲ့အစည်းကမှ ထိထိရောက်ရောက် နှိမ်နှင်းတာမျိုး မတွေ့ရသေးပါဘူး။တကယ်တမ်းဆိုရင် ဒီအခြေအနေကို အမျိုးသားရေးအရေးပေါ် အခြေအနေတစ်ရပ်လိုသတ်မှတ်ပြီး အာရက္ခပြည်သူတွေအကုန်လုံး ဝိုင်းဝန်းဖြေရှင်းသင့်နေပါပြီ။

ခု ၂၁ ရာစုအစောပိုင်းမှာ အာရက္ခပြည်သူတွေရင် ဆိုင်နေရတဲ့ ပြဿနာတွေဟာ ရှိနေတဲ့ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းထက် ပိုပြီးရှုပ်ထွေးနက်နဲပါတယ်။

လုံးဝအမှားအနည်းဆုံးနဲ့ ရှေ့ဆက်နိုင်ရင်တောင် လူမှုစီးပွားရေး၊နိုင်ငံရေးပြဿနာတွေဟာ တကယ့်ကိုအချိန်ယူပြီး ဖြေရှင်းရမယ့်ပြဿနာတွေဖြစ်ပါတယ်။ထိတွေ့ဆက်ဆံဖို့လိုတဲ့ အကျိုးစီးပွားချင်းထပ်တူမကျတဲ့ အက်တာတွေကလည်း အင်မတန်များပါတယ်။

ဒီလိုအခြေအနေမှာ အစိုးရကိုယ်တိုင်က ပြဿနာရဲ့အစိတ်အပိုင်း ဖြစ်မနေတာအကောင်းဆုံးပါပဲ။

ဒီအခြေအနေကို ပိုပြီးမြန်ဆန်စွာရော က်ဖို့အတွက် တဖက်မှာ ရခိုင်လူငယ်ပညာတတ်တွေ ပိုပြီးပါဝင်ဖို့လိုသလို အခြားတစ်ဖက်မှာလည်း ခေါင်းဆောင်းပိုင်းက လက်ရှိအခြေအနေကို ပိုပြီးကောင်းမွန်လာအောင်တည့်မတ်ထိန်း‌ကျောင်းဖို့၊လိုအပ်ရင်အရေး ယူဆောင်ရွက်ဖို့ ခုထက်ပိုမိုကောင်းမွန်တဲ့ အပေါ်အောက်ဆက်သွယ်ရေးလမ်းကြောင်းတွေရှိနေဖို့ လိုအပ်နေပါတယ်။

နောက်ပြီး တာဝန်ယူမှု၊တာဝန်ခံမှုစနစ်တွေ၊ဝန်ထမ်းကိုအကာအကွယ်ပေးတာထက် ပြည်သူကိုဦးစား ပေးတဲ့ တရားဥပဒေ၊တရားစီရင်ရေးစတဲ့ အရပ် သားအုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ချမှတ်ပြီး အကောင်အထည်ဖော်ဖို့ မဖြစ်မနေလိုအပ်နေပါတယ်။

ဒီလိုအလွဲအမှားတွေကို မြန်မြန်ဆန်ဆန်ပြန်လည်ကုစားပေးနိုင်တဲ့ စနစ်တစ်ခုလည်း လိုအပ်နေတယ်လို့ မြင်ပါတယ်။

လူကောင်းမရှိလို့ လူဆိုးတွေကို ကြည့်ထား၊လွတ်ထားမယ်ဆိုရင် ဒီလူဆိုးတွေရဲ့လုပ်ရပ်က အစိုးရယန္တရားရဲ့သရုပ်သကန်နဲ့အနှစ်သာရကို သတ်မှတ်ပေးသွားမှာကို စိုးရိမ်မိပါတယ်။

ဒီခရီးနီးသလားဆိုရင် မနီးသေးပါဘူး။တော်လှန် ရေးရေမျှောကမ်းတင်မဖြစ်ဖို့ဆိုရင် ခရီးမရောက်ခင် မဖောက်ဖို့အရေးကြီးပါတယ်။

အရှိန်အဟုန်မြင့်တဲ့နေ လက်ရှိရခိုင်အမျိုးသားရေးရေချိန်နဲ့လူထုယုံကြည်မှုကိုမဆုံးရှုံးဘဲ လွတ်လပ်မျှ တတဲ့ အာရက္ခပြည်ကြီးဆီသို့ တစိုက်မတ်မတ် ချီတ က်နိုင်ဖို့ ပြုပြင်ပြောင်းလဲစရာတွေကို အချိန်မီလုပ် ဆောင်ဖို့မဖြစ်မနေလိုအပ်နေပါတော့တယ်။။

https://www.facebook.com/permalink.php?story_fbid=167469742362007&id=107469705028678

Leave a Reply

Your email address will not be published.