မွတ်ဆလင်ကျောင်းသားများ စစ်တွေတက္ကသိုလ်တွင် ကျောင်းတက်ခွင့်ရရှိ

By Development Media Group (DMG)/ 2022 May 10

ဆယ်စုနှစ်တစ်ခုကြာ ပညာသင်ခွင့်ဆုံးရှုံးခဲ့ရသည့် မွတ်ဆလင်ကျောင်းသားများမှာ ယခုနှစ်မှစတင်ပြီး စစ်တွေတက္ကသိုလ်တွင် Day(နေ့သင်တန်း)တက်ရောက်ခွင့် ရရှိသွားပြီဖြစ်သဖြင့် ရခိုင်နှင့်မွတ်ဆလင်တို့၏ ဆက်ဆံရေးကောင်းမွန်မှုအတွက် ခြေလှမ်းသစ်တစ်ခုဖြစ်လာသည်ဟု ကျောင်းသားများကဆိုကြသည်။

၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် မွတ်ဆလင်နှင့် ရခိုင်တို့ကြားပဋိပက္ခကြောင့် လုံခြုံရေးအရဆိုကာ မွတ်ဆလင်များကို အာဏာပိုင်တို့က တက္ကသိုလ်တွင် ပညာသင်ကြားခွင့်ပိတ်ပင်ခဲ့သည်။ ပညာသင်ခွင့် ဆုံးရှုံးနေသည့် မွတ်ဆလင်များကို ကျောင်းပြန်လည်တက်ခွင့်ရရှိအောင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကြိုးပမ်းဆောင်ရွက်ခဲ့သည်ဟု ကိုကျော်နိုင်ဌေးကပြောသည်။

“ရခိုင်ပြည်မှာရှိတဲ့ မွတ်ဆလင်လူမျိုးအားလုံး စစ်တွေတက္ကသိုလ်မှာ Day တက်ခွင့်ရတယ်။ ကမန်တွေလည်းပါတယ်။ ၂၀၁၂ ခုနှစ် ရခိုင်ပြည်မှာ လူမျိုးရေးပဋိပက္ခကြောင့် နဂိုတက်နေတဲ့ မွတ်ဆလင်ကျောင်းသားတွေ၊ ကမန်ကျောင်းသားတွေက စစ်တွေတက္ကသိုလ်ကနေပြီး ခေတ္တရပ်နားခံလိုက်ရတယ်။ စစ်တွေတက္ကသိုလ်မှာ ဒီနှစ်ကနေစပြီး မွတ်ဆလင်ကျောင်းသားတွေကို Day တက်ခွင့်လက်ခံနေပါပြီ”ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦးဖြစ်သူ ၄င်းကဆိုသည်။

ပဋိပက္ခဖြစ်ပွားပြီးနောက်တွင် မွတ်ဆလင်များသည် Day(နေ့သင်တန်း) တက်ရောက်သင်ကြားခွင့် မရရှိခဲ့ဘဲ အဝေးသင်ပညာသာ သင်ကြားခွင့်ရခဲ့သည်။ သို့သော်လည်း အဝေးသင်ပညာကိုလည်း တက္ကသိုလ်သို့ လူကိုယ်တိုင်လာရောက်သင်ကြားခွင့် မရှိခဲ့ပေ။ အစိုးရက မွတ်ဆလင်ကျေးရွာများတွင် ဖွင့်လှစ်ပေးထားသည့် နေရာများတွင် ပထဝီ၊ မြန်မာစာ၊ သမိုင်းဘာသာရပ်သုံးခုသာ သင်ကြားခွင့်ရခဲ့သည်ဟု မွတ်ဆလင် ကျောင်းသားများထံမှ သိရသည်။

ယခုကဲ့သို့ စစ်တွေတက္ကသိုလ်တွင် မွတ်ဆလင်များကို Day တက်ခွင့်ပေးသဖြင့် ဝမ်းသာမိကြောင်းနှင့် ရခိုင်လူမျိုးနှင့် မွတ်ဆလင်များကြားတွင် ဆက်ဆံရေးပိုမိုကောင်းလာမည်ဟု စစ်တွေမြို့၊ သဲချောင်းကျေးရွာမှ  မွတ်ဆလင်ကျောင်းသား ကိုစိုးမြင့်က DMG ကိုပြောသည်။

“မွတ်ဆလင်လူမျိုးတွေက ၂၀၁၂ ခုနစ် လူမျိုးရေးပဋိပက္ခဖြစ်ကတည်းက Day တက်ခွင့်မရခဲ့ဘူး။ ရန်ကုန်မှာလည်း တက်ခွင့်မရခဲ့ဘူး။ အခုလို ကျနော်တို့မွတ်ဆလင်လူမျိုးတွေ စစ်တွေတက္ကသိုလ်မှာ Day တက်ခွင့်ပြန်ရလို့ အရမ်းဝမ်းသာပါတယ်။ ရခိုင်လူမျိုးတွေနဲ့အတူ တက်ရောက်ရမှာဆိုတော့ မွတ်ဆလင်တွေနဲ့ ရခိုင်လူမျိုးတွေက ပိုအဆင်ပြေလာတာပေါ့”ဟု သူကဆိုသည်။

မွတ်ဆလင်များကို နှစ်စဉ်နှစ်တိုင်း Day(နေ့သင်တန်း)တက်ရောက်ခွင့်ပေးထားပြီး မတက်ရောက်ရဟု ကန့်သတ်ထားခြင်းမရှိကြောင်းနှင့် ၄င်းတို့ကိုယ်တိုင် လာရောက်မဆက်သွယ်ခြင်းသာဖြစ်ကြောင်း စစ်တွေတက္ကသိုလ် သင်တန်း‌ရေးရာဌာနမှူး ဦးကျော်နိုင်ဦးက DMG သို့ပြောသည်။

“ဘယ်သူကိုမတက်ရလို့ သတ်မှတ်ထားတာမရှိဘူး။ သူတို့ကိုယ်တိုင် လာမဆက်သွယ်တာပါ။ အခု သူတို့ပြန်ဆက်သွယ်လာတဲ့အတွက်ကြောင့် ပြန်လို့တက်ရတာမျိုး မဟုတ်ဘူး။ နှစ်တိုင်းဝင်ခွင့်ချပြီးသားပါ။ သူတို့ဘာသာ မဆက်သွယ်တာပဲဖြစ်ပါတယ်။ ဒီနှစ်မှာ သူတို့ဆက်သွယ်လာတယ်။ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ပါအတိုင်းလိုက်လုပ်ပေးတယ်။ ဒီလောက်ပါပဲ”ဟု ၄င်းကဆိုသည်။

၂၀၂၂ ခု ပညာသင်နှစ် တက္ကသိုလ်နေ့သင်တန်းများကို လာမည့် မေလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2289897584495973

Leave a Reply

Your email address will not be published.