By Western News/ 2022 May 20
ရခိုင်ပြည်နယ်ရှိ ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုဖြစ်သည့် မြောက်ဦးမြို့ နန်းတော်ရာကုန်းအရှေ့ဖက်တွင် နာရီစင်တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါနာရီစင်အဆောက်အဦးမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးကော်မတီ၏ ရန်ပုံငွေဖြင့် ဆောက်လုပ်ရန်ပြင်ဆင်ခြင်းဖြစ်ပြီး လက်ရှိတွင် အဆောက်အဦးအတွက် တင်ဒါခေါ်ယူနေပြီဖြစ်သည်။
နာရီစင်မှာ မြောက်ဦးမြို့အလယ်စျေးရပ်ကွက် တြိဂံခွဆုံတွင်ဖြစ်ပြီး မြို့စည်ပင်သာယာရေးရည်ရွယ်ချက်ဖြင့်ဆောက်လုပ်ရန်ပြင်ဆင်နေခြင်းဖြစ်သည်ဟု မြောက်ဦးမြို့ စည်ပင်သာယာရေးကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေမောင်က Western News ကိုပြောသည်။
“တင်ဒါခေါ်တဲ့အထဲမှာ ပါပါတယ်။ မြို့နယ် စည်ပင်သာယာ ဖွံ့ဖြိုးရေးအတွက်ပါပဲ။ နေရာကတော့ အလယ်စျေး တြိဂံခွဆုံအလယ်မှာလုပ်မှာပါ။ ဒီနာရီစင်ဆောက်မှာနဲ့ပတ်သက်ပြီး ရှေးသုနဲ့တော့ ဘာမှမဆွေးနွေးရသေးပါဘူး” ဟုပြောသည်။
မြောက်ဦးမြို့ အမျိုးသားယဉ်ကျေးမှုပြတိုက်နှင့် ရှေးဟောင်းသုတေသနဌာန၏ ညွှန်ကြားရေးမှူးဦးကြည်ခင်က လက်ရှိနာရီစင်ဆောက်လုပ်မည့်ကိစ္စကိုမသိရှိသေးကြောင်း အကယ်၍ပြုလုပ်မည်ဆိုပါက HIA စစ်ဆေးမှုအား ပထမပြုလုပ်ရမည်ဖြစ်သည်ဟု ပြောသည်။
“နာရီစင်ဆောက်မှာတော့ မသိသေးပါဘူး။ အကယ်၍ ဆောက်မယ်ဆိုရင်တော့ ရှေးဟောင်းနဲ့လွတ် မလွတ်ကို HIA အရင်းဆုံးစစ်ရပါမယ်။ လွတ်တယ်ဆိုရင်တော့ ခွင့်ပြုမှာပါ” ဟုပြောသည်။
HIA မှာ ရှေးဟောင်းနယ်မြေများအတွင်း တစ်စုံတစ်ခုပြုလုပ်မည်ဆိုပါက အမွေအနှစ်များထိခိုက်ပျက်စီးမှုရှိနိုင် မရှိနိုင် ကနဦးစစ်ဆေးမှုပြုလုပ်ခြင်းကိုဆိုလိုခြင်းဖြစ်သည်။
နာရီစင်မှာ မြို့နှင့်လိုက်ဖက်ခြင်းမရှိသကဲ့သို့ လိုအပ်မှုလည်းမရှိကြောင်း ဆောက်လုပ်မည့်နေရာမှာလည်း ယဉ်ကျေးမှုအမွေအနှစ်နှင့်အလွန်နီးကပ်သည့်အတွက် မလုပ်သင့်ဟု မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောသည်။
“ဒါကတော့ မလုပ်သင့်ဘူးပေါ့နော်။ နေရာက နန်းရာကုန်းအရှေ့ဖက်ကျတယ်။ မြောက်ဦးနဲ့လည်းမလိုက်ဖက်သလို လိုလည်းမလိုအပ်ဘူး။ နာရီစင်တည်ဆောက်လို့ မြို့ကဖွံ့ဖြိုးလာမှာမဟုတ်သလို နာရီစင်တည်ဆောက်ဖို့နေရာလည်းမဟုတ်ဘူး။ နေရာက ယဉ်ကျေးမှုအမွေအနှစ်နဲ့တော်တော်လည်းနီးတယ်။ တင်ဒါမခေါ်ခင် HIA ကိုအရင်စစ်ပြီး လုပ်သင့်မလုပ်သင့်ထုတ်ပြန်သင့်တယ်။” ဟုပြောသည်။
မြောက်ဦးဒေသသည် ယူနီစကိုဝင်ရောက်ရန် အဆိုပြုလွှာတင်သွင်းထားပြီဖြစ်ပြီး လက်ရှိတွင် ဒေသတွင်း ရှေးဟောင်းနယ်မြေအတွင်းရှိ လူတန်းစားပေါင်းစုံ၏ ကျူးကျော်မှုပြဿနာ၊ စနစ်တကျစွန့်ပစ်မှုမရှိသည့်အမှိုက်ပြဿနာ၊ ချောင်းမြောင်း၊ ကျုံးတို့အားမြေဖို့၍ နေရာယူမှုပြဿနာများဖြင့် ရောထွေးလျှက်ရှိသည်။
https://www.facebook.com/westernnewsagency/posts/526363359170173