By Western News/ 2022 May 25
ရခိုင်ပြည်နယ်ရှိ ရှေ့ဟောင်းယဥ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်သည့် မြောက်ဦးနန်းတော်ရာကုန်း အရှေ့ဖက်တွင်တည်ဆောက်မည့် နာရီစင်စီမံကိန်းအား တည်ဆောက်သင့်မသင့်၊ ပယ်ဖျက်သင့် မပယ်ဖျက်သင့်အား မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု မြောက်ဦးမြို့နယ်စည်ပင်က ပြောသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးကော်မတီ၏ ရန်ပုံငွေဖြင့်အဆိုပါ နာရီစင်အဆောက်အဦးအား ဆောက်လုပ်ရန်ပြင်ဆင်ခြင်းဖြစ်ပြီး လက်ရှိတွင် အဆောက်အဦးအတွက် တင်ဒါခေါ်ယူနေပြီဖြစ်ကြောင်းမြောက်ဦးမြို့ စည်ပင်သာယာရေးကော်မတီမှ ပြောဆိုသည်။
မြို့မိမြို့ဖများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တင်ပြတောင်းဆိုထားသည့် ကိစ္စဖြစ်သည့်အတွက် မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေးပြီး ပယ်ဖျက်သင့် မသင့်ကို ဆုံးဖြတ်သွားမည်ဟု မြောက်ဦးမြို့နယ် စည်ပင်သာယာရေးဦးစီဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးရွှေမောင်က Western News ကိုပြောသည်။
“၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး ရေးဆွဲတဲ့ အချိန်မှာ မြို့မိမြို့ဖတွေနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ အစည်းအဝေးလုပ်တဲ့အခါ သူတို့က အဆိုတင်သွင်းမှုကြောင့် ကျွန်တော်တို့က ထည့်သွင်းပေးပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးအကောင်အထည်ဖော်ရေးကော်မတီကို တင်ပြခဲ့တယ်။ မြို့နယ်တည်ဆောက်ရေး ကော်မတီကလည်း မြို့မိမြို့ဖတွေက တင်ပြတဲ့အတွက်နဲ့ အတည်ပြုပြီးတော့ ခရိုင်တည်ဆောက်ရေး ကော်မတီကိုတင်ပြခဲ့တယ်။ ခရိုင်တည်ဆောက်ရေးက အတည်ပြုချက်နဲ့ ကျွန်တော်တို့က ဘတ်ဂျက်မှာအဆိုပြုတင်ပြခဲ့တယ်။ အဲ့တော့ ဘတ်ဂျက်ကလည်း အတည်ပြုထားတယ်။ မြို့မိမြို့ဖတွေက တင်ပြထားတဲ့အတွက် ကျွန်တော်တို့က မြို့မိမြို့ဖတွေကို တင်ပြပြီး ချပြဆွေးနွေးပြီးမှ ပယ်ဖျက်သင့်ရင်လည်း ပယ်ဖျက်သွားရမှာပေါ့” ဟုပြောသည်။
နာရီစင်မှာ မြောက်ဦးမြို့အလယ်စျေးရပ်ကွက် တြိဂံခွဆုံတွင်ဖြစ်ပြီး မြို့စည်ပင်သာယာရေးရည်ရွယ်ချက်ဖြင့်ဆောက်လုပ်ရန်ပြင်ဆင်နေခြင်းဖြစ်သည်ဟု မြောက်ဦးမြို့ စည်ပင်သာယာရေးကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေမောင်က Western News ကိုပြောသည်။
ရှေးဟောင်းနယ်မြေတွင် အသစ်ဆောက်လုပ်မည့် နာရီစင်ကို လိုအပ်ခြင်းမရှိသလို နန်းတော်ရာကုန်း၏ ဝင်ပေါက်တည့်တည့်တွင်လာရောက်ပိတ်ဆို့ တည်ဆောက်ခြင်းက နန်းတော်ရာကုန်းကို အနှောင့်အယှက်ဖြစ်စေမည့် အနေအထားတွင် ရှိသည်ဟု မြောက်ဦးရှေးဟောင်း ယဥ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောသည်။
“ဒီနာရီစင်က မြောက်ဦးမြို့အတွက်မလိုအပ်ဘူး။ နောက်တစ်ခု ရှေးဟောင်းယဥ်ကျေးမှုနယ်မြေမှာ မလိုအပ်တဲ့အရာတွေ ရှိတာတွေကိုတောင် လျော့ချယူနေကြရတာ ဘာကြောင့် တည်ဆောက်ဖို့လိုနေကြတာလည်း မသိဘူး။ အဲဒါကြောင့်သေသေချာချာပြန်ပြီးတော့ စဉ်းစားသင့်တယ်။ နောက်တစ်ခုက နန်းတော်ရာကုန်းရဲ့ အရှေ့ဖက်နားကပ်ပြီးရှိနေတဲ့ ဒီအလယ်စည်း နန်းတော်ရာကုန်းရဲ့ဝင်ပေါက်လို့ ပြောရမှာပေါ့ အဲလိုနေရာမှာ နာရီစင်ကြီး အခုခေတ်မှာ လာပြီးဆောက်လုပ်တာကလည်း နန်းတော်ရာကုန်းကို အနှောင့်အယှက်ဖြစ်ဖို့ အနေအထားမျိုးမြင်နေတယ်။ အဲဒါကြောင်း ဒီနာရီစင်ဟာ မြောက်ဦးမြို့မှာ မတည်ဆောက်သင့်ဘူး။ အထူးသဖြင့် ဒီအလယ်စည်းမှာ မတည်ဆောက်သင့်ဘူး” ဟုပြောသည်။
ယခု နာရီစင် တည်ဆောက်မည့် ဘတ်ဂျက်ချပေးခြင်းက တည်ငြိမ်နေသည့် လူအဖွဲ့အစည်းကို ဖြိုခွဲသလို ဖြစ်နေပြီး နာရီစင်ထက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခုခုကိုသာ လုပ်ဆောင်သင့်သည်ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးထွန်းသာစိန်က ပြောသည်။
“ဒီဟာက အစိုးရဘတ်ဂျက်ထည့်မှာ ထည့်ပေးလိုက်တာ။ ကျွန်တော့်အမြင်က တည်ငြိမ်နေတဲ့ လူ့အဖွဲ့အစည်းကို အမဲရိုးတစ်ချောင်း ချပေးလိုက်တာနဲ့တူတယ်လို့မြင်တယ်။ ဒီနာရီစင်က မြောက်ဦးမြို့မှာ တစ်ဖွဲ့က နာရီစင်လိုတဲ့ဖက်ရှိတယ်။ တစ်ဖွဲ့က နာရီစင်မလိုတဲ့ဖက်တွေရှိလာတယ်။ အမြင်နှစ်ခုဖြစ်သွားကြတာပေါ့ ။ အဲဒီအမြင်နှစ်ခုကို တစ်ဖွဲနဲ့ တစ်ဖွဲ့တူမှာမဟုတ်ဘူး။ အဲဒီမတူခြင်းက လူထုရဲ့ညီညွှတ်မှုကို ပျက်ပြားစေနိုင်တယ်။ အဲဒီဟာက နိုင်ငံရေးအရသော်လည်း၊ ညီညွှတ်မှုကို ပြိုကွဲအောင်သော်လည်းကောင်း၊ တူညီတဲ့ သဘောထားတွေ စုစည်းနေတာကို ပျက်ပြားစေလို့သော်လည်းကောင်း ပေးလိုက်တဲ့ အမဲရိုးတစ်ချောင်းလို့မြင်တယ်။ အဲဒါကြောင်း ဒီကိစ္စကို အငြင်းပွားနေဖို့အစား ညီညွတ်ဖို့အတွက် နာရီစင်နဲ့ တစ်ခြားကိစ္စတစ်ခုဆိုရင် နာရီစင်က အခုခေတ်အရမလိုအပ်တော့ဘူး။ အဲဒီအတွက်ကြောင့် ဒီနာရီစင်က စည်ပင်ဘတ်ဂျက်က ကျတယ်ဆိုရင် မြို့မှာထိရောက်နိုင်တဲ့ လမ်းတို့၊ တံတားတို့၊ ရေးပေးဝေးရေးစနစ်တို့နဲ့ မိလ္လာစနစ်တို့ တခြား လျှပ်စစ်(EPC) ကိစ္စတစ်ခုခုဖြစ်ဖြစ် လုပ်လိုက်သင့်တယ်လို့မြင်တယ်။ အဲလို့မဟုတ်ဘဲ ဒီနာရီစင် ဘတ်ဂျက်ကို ခေါင်စဉ်ပြောင်းလို့ရတယ်ဆိုရင် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဦးစာပေးသင့်တယ်လို့မြင်တယ်” ဟုပြောသည်။
မြောက်ဦးဒေသမှာ ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ် ဒေသတစ်ခုဖြစ်သည့် အတွက်ရှေးဟောင်းနယ်မြေများအတွင်း တစ်စုံတစ်ခုပြုလုပ်မည်ဆိုပါက အမွေအနှစ်များထိခိုက်ပျက်စီးမှုရှိနိုင် မရှိနိုင် ကနဦးစစ်ဆေးမှု HIAပြုလုပ်ရမည်ဟု ရှေးဟောင်းသုတေသီတစ်ချို့ကထောက်ပြကြသည်။
မြောက်ဦးဒေသသည် ယူနီစကို ဝင်ရောက်ရန် အဆိုပြုလွှာတင်သွင်းထားပြီဖြစ်ပြီး လက်ရှိတွင် ဒေသတွင်း ရှေးဟောင်းနယ်မြေအတွင်းရှိ လူတန်းစားပေါင်းစုံ၏ ကျူးကျော်မှုပြဿနာ၊ စနစ်တကျစွန့်ပစ်မှုမရှိသည့်အမှိုက်ပြဿနာ၊ ချောင်းမြောင်း၊ ကျုံးတို့အားမြေဖို့၍ နေရာယူမှုပြဿနာများဖြင့် ရောထွေးလျှက်ရှိသည်။
https://www.facebook.com/westernnewsagency/posts/529832088823300