By Development Media Group (DMG)/ 2022 May 21
ယခုရက်ပိုင်းအတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာလာမှုများနှင့် သဘောထား တင်းမာမှုများ ပိုမိုမြင့်တက်လာသဖြင့် ရခိုင်တွင် တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
နှစ်နှစ်ကျော်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလပထမပတ်တွင် အဆုံးသတ်ခဲ့ပြီးနောက် ရက္ခိုင့်တပ်တော်က သြဇာတည်ဆောက်မှုများပြုလုပ်လာရာ စစ်တပ်ဘက်က လက်မခံသည့်အတွက် ယခုနောက်ပိုင်းတွင် ထိုသို့တင်းမာမှုများဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။
“တိုက်ပွဲဖြစ်ရင်တော့ ဘယ်နေရာကိုပြေးရမလဲမသိဘူး။ ပြေးဆိုတိုင်း လက်တန်းပြေးလို့မရဘူးလေ။ အဒေါ်တို့က စစ်ဘေးရှောင်စခန်းကနေ ကိုယ့်ရွာကိုပြန်ရောက်လာပြီး ဘဝကို ပြန်ထူထောင်မလို့လုပ်နေတုန်း ပိုက်ဆံဆိုလည်း အဆင်မပြေဘူး”ဟု မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ဒေါ်သိန်းဝင်းယဉ်က DMG သို့ပြောသည်။
ဒေါ်သိန်းဝင်းယဉ်တို့၏ လက္ကာကျေးရွာသည် ယခင်စစ်ရေးပဋိပက္ခကာလ ၂၀၂၀ ခုနှစ်၊ မေလတွင် မီးရှို့ဖျက်ဆီး ခံခဲ့ရပြီး စစ်ရေးတည်ငြိမ်နေသည့်ကာလတွင်မှ ဒေသခံအများစု နေရပ်ပြန်ခွင့်ရရှိခဲ့ကြခြင်းဖြစ်သည်။ တိုက်ပွဲကြောင့် ဒုက္ခမျိုးစုံရောက်ရှိခဲ့ရပြီး လက်ရှိတွင် မိမိကျေးရွာတွင် နေထိုင်စားသောက်နေရသောကြောင့် တိုက်ပွဲမဖြစ်ပွားစေလိုဟု ၎င်းကဆက်လက်ပြောသည်။
ဘူးသီးတောင်မြို့၊ ရန်အောင်မြေစစ်ဘေးရှောင်စခန်းမှ ကိုအောင်ဌေးက “စစ်ဘေးရှောင်တွေအနေနဲ့ မိုးရာသီရောက်တော့မှာဆိုတော့ အိမ်တွေလည်းပြန်ပြုပြင်နေရပြီ။ တကယ်လို့ စစ်ရေးတင်းမာမှုတွေ ဖြစ်လာမယ်ဆိုရင် ပြေးစရာလမ်းလည်းမရှိတော့ဘူး”ဟု ၎င်းကဆိုသည်။
တိုက်ပွဲဖြစ်ပွားလာပါက ကုန်စည်စီးဆင်းမှုများ ပိုမိုနှောင့်နှေးလာမည်ဖြစ်ကာ စားဝတ်နေရေး အကျပ်အတည်းများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့ပြင် ဒေသတွင်း လွတ်လပ်စွာသွားလာမှုများ ပျောက်ဆုံးကာ စစ်ဆေးမေးမြန်းမှုများ ပိုမိုကြုံတွေ့ရနိုင်သဖြင့် လုံခြုံရေး စိုးရိမ်ရမည်ဟုလည်း ဒေသခံများက ပြောကြသည်။
“ကုန်ဈေးနှုန်းတွေမြင့်လာရင် စားရသောက်ရတာလည်းအဆင်မပြေဘူး။ ကယ်ဆယ်ရေးစခန်းတွေမှာ ဒီလိုအခက်အခဲတွေကြုံလာမယ်ဆိုရင် အရင်လိုမျိုး ကယ်ဆယ်ရေးရတာလည်းမရှိတော့ဘူး။ ကယ်ဆယ်ရေးစခန်းတွေမှာ တစ်ခုခုဖြစ်ရင် တခြားပြေးစရာလမ်းမရှိဘူး။ ဒီနေရာမှာတစ်ခုခုဖြစ်ရင် ဒီမှာပဲအသေခံပြီးနေရမလား စိုးရိမ်ရတာတွေရှိတယ်”ဟု ကိုအောင်ဌေးကဆိုသည်။
လက်ရှိတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း မြောက်ဦးနှင့် ကျောက်တော်မြို့နယ်ရှိ စစ်တပ်စခန်းတစ်ချို့က သေနတ်ပစ်ဖောက်မှုများရှိနေသဖြင့် ဒေသခံများက စိုးရိမ်နေကြသည်။
စစ်တွေဒေသခံ ကိုကျော်နိုင်ဌေးက “တိုက်ပွဲတွေဖြစ်လာခဲ့ရင် လက်နက်တွေ ရမ်းသမ်းပြီးပစ်တဲ့အခါ အေးအေးချမ်းချမ်းနေနေတဲ့ ပြည်သူတွေကို မတော်တဆထိမိကုန်မှာ၊ ဒေသခံတွေကို မတရားဖမ်းဆီး စစ်ဆေးမှုတွေလုပ်မှာ စိုးရိမ်မိတယ်”ဟု ဆိုသည်။
ရက္ခိုင့်တပ်တော်သည် တရားစီရင်ရေး၊ အုပ်ချုပ်ရေးကဏ္ဍများကို လုပ်ဆောင်နေသောကြောင့် မြန်မာစစ်တပ်ဘက်ကလည်း တစ်ရွာဝင်တစ်ရွာထွက် အင်အားပြလှုပ်ရှားလျက်ရှိကာ ရက္ခိုင့်တပ်တော်၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)အဖွဲ့ဝင်များကို ရှာဖွေမှုများလည်းရှိနေသည်။
ထို့ကြောင့် နှစ်ဖက်တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်သည့်အနေအထားကို တွေ့ရှိနေရသောကြောင့် အရပ်သားပြည်သူလူထုများအနေဖြင့် မြန်မာစစ်တပ် သွားလာလှုပ်ရှားနေသည့်နေရာများ၊ မြန်မာစစ်တပ် အထိုင်ချနေထိုင်နေခဲ့သော နေရာများ၊ မြန်မာစစ်တပ်၏ တပ်စခန်းအနီး ပတ်ဝန်းကျင်များသို့ သွားလာခြင်းများကို အထူးသတိထားရှောင်ကြဉ်ကြရန် AA က သတိပေးထားသည်။
မေလ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းက ရက္ခိုင့်တပ်တော်၏ပြောဆိုမှုများမှာ တိုက်ပွဲခေါ်နေသည့်ပုံစံဖြစ်ကြောင်း၊ ရခိုင်ပြည်သူများ ဒုက္ခမရောက် စေချင်သောကြောင့် ထိန်းသိမ်းနေခြင်းဖြစ်ကြောင်း၊ သို့သော် ပြဿနာဖြစ်လာလျှင် အဆိုးမဆိုရန် ပြောကြားခဲ့သည်။
စစ်ကောင်စီ၏ပြောဆိုချက်မှာ ပြည်သူများကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း၊ ပြည်သူထိခိုက်မည် စိုးရိမ်၍ စစ်မတိုက်ဟုပြောဆိုချက်အပေါ် မည်သည့်ပြည်သူမှ ယုံကြည်မည်မဟုတ်ကြောင်းနှင့် စစ်တပ်သည် ပြည်သူများကို မည်သည့်အချိန်ခါမှ ထည့်တွက်ခဲ့ခြင်းမရှိသဖြင့် လုံးဝယုတ္တိမရှိဟု AA ဘက်က တုန့်ပြန်ထားသည်။
https://www.facebook.com/dmgnewsagency/posts/2298400483645683