မြန်မာစစ်တပ်က မိုင်းရှင်းလင်းမှုလုပ်ခဲ့သည့်နေရာများတွင် မိုင်းပေါက်ကွဲမှုရှိလာ၊ ၅ လအတွင်း သေဆုံးဒဏ်ရာရသူ ၂၀ ကျော်အထိ ရှိနေ

By Western News/ 2022 May 31

ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AAတို့ နှစ်ဖက်နားလည်မှုဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနေသည့်ကာလအတွင်း စစ်ကောင်စီက ရခိုင်မြို့နယ်အချို့တွင် မိုင်းရှင်းလင်းရေးများ လုပ်ဆောင်ပေးခဲ့သည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က စစ်တွေ-အမ်းကားလမ်းမ တစ်လျှောက်နှင့် ရသေ့တောင် အငူမော်လမ်းမကြီးတစ်လျှောက်တွင် မိုင်းရှင်းလင်းရေးများကို မြန်မာစစ်တပ်ဖက်က လုပ်ဆောင်ပေးခဲ့သည်။ ယင်းကဲ့သို့ မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးနေသည့် ကာလအတွင်းမှာ မြေမြုပ်မိုင်းများ တွေ့ရှိခဲ့ခြင်းမရှိခဲ့ကြောင်း ယခင်က စစ်ကောင်စီ၏ မိုင်းရှင်းလင်းရေးအဖွဲ့မှ Western News ကို ဖြေဆိုခဲ့သည်။

သို့သော်လည်း စစ်တပ်က မိုင်းရှင်းလင်းရေးလုပ်ဆောင်ခဲ့သည့် နေရာများတွင် မြေမြုပ်မိုင်းများ ပေါက်ကွဲမှုများ ရှိနေပြီး ယင်းအထဲတွင် အမ်း၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်တော်စသည့် မြို့နယ် ၄ ခုတွင် မိုင်းပေါက်ကွဲမှုများ မကြာခဏဖြစ်ပွါးနေကာ ဒေသခံများသေဆုံးဒဏ်ရာရရှိမှုများရှိနေသည်။

ကျောက်တော်မြို့နယ်က ရုပ်သားကျေးရွာတွင် စစ်တပ်ဖက်က မိုင်းရှင်းလင်းပေးခဲ့သော်လည်း ယင်းနေရာတွင် မိုင်းမကြာခဏပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်များလည်း မကြာခဏ သေဆုံးမှုရှိနေသည်ဟု ဒေသခံများကပြောသည်။

ကျောက်တော်ဒေသခံ ကိုဇော်ဝင်းက”ရုပ်သားကျေးရွာဟာ တိုက်ပွဲလည်းမဖြစ်ခဲ့ဘူး။ စစ်တပ်ဖက်က မိုင်းရှင်းပေးခဲ့ပေမယ့် မိုင်းရှင်းတဲ့နေ့က ရွာသားတွေကို စာသင်ကျောင်းမှာ ပိတ်ထားခဲ့တယ်။ တိရစ္ဆာန်တွေလည်း မကြာမကြာမိုင်းပေါက်ကွဲလို့ သေနေကြတယ်။ ဒီနေ့ သေတဲ့ အမျိုးသမီးဟာ ရွာမှာဘဲ စက်လှေတင်တဲ့အခါ သေတာ” ဟုပြောသည်။

တိုက်ပွဲများလည်း ဖြစ်ပွားခြင်းမရှိတော့ဘဲ တောင်ယာ၊ လယ်မြေကိုအမှီပြုလုပ်ကိုင်စားသောက်နေရသည့် မြောက်ပိုင်းရှိ မြို့နယ်တစ်ချို့တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ယခုလပိုင်းများအတွင်းအရပ်သားသေဆုံးမှုများ မကြာခဏဆိုသလိုရှိလာပြန်သည်။

ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်နေသည့် တောင်ယာများအနီးတွင် မိုင်းပေါက်ကွဲမှု ပိုများလာနေပြီး သေဆုံးမှုများလည်း ပိုများလာသည်ဟု အမ်းဒေသခံ ကိုမျိုးလွင်ကပြောသည်။

“စစ်တပ်က တပ်နေရာတွေ တိုးချဲ့လာနေတယ်။ ဒေသခံတွေရဲ့ ဥယျာဉ်မြေတွေနဲ့ နီးလာတယ်။ အရင်ကလည်း တပ်စခန်းချခဲ့တဲ့ နေရာတွေက အရမ်းများနေတော့ နေရာတိုင်းလိုလို မိုင်းတွေက ရှိနေတယ်။ ဒေသခံတွေကလည်း တောတောင်တွေဘဲ အမှီပြုစားသောက်နေရတော့ သူတို့ထောင်တဲ့ မိုင်းတွေက မလွတ်နိုင်ဘူး။ တစ်ဖက်မှာလည်း သူတို့ကိုယ် သူတို့ ကာကွယ်ချင်လို့ မိုင်းထောင်ရင်တောင် ပြည်သူတွေရဲ့ ဥယျာဉ်ခြံတွေထိ မိုင်းပေါက်ကွဲနေတော့ ။ ပြည်သူတွေကို ပစ်မှတ်ထားနေတာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်”ဟုဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှစ၍ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရရှိသူ ၂၀၀ နီးပါး အထိရှိနေပြီး ယခုနှစ် ၂၀၂၂ ခုနှစ်အတွင်းတွင်း ၂၀ ကျော်ခန့်ရှိနေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောသည်။

“၂၀၁၉ နှစ်ကစလို့ ၂၀၂၁ ခုနှစ်အထိ အရပ်သားသေဆုံး  ဒဏ်ရာရတာ ၁၉၁ ဦးရှိပြီ ၅၈ ကသေဆုံးတာပေါ့။ ကျန်တာတွေက ထိခိုက်ဒဏ်ရာရတာတွေပေါ့။ ဒီနှစ်အတွင်းမှာပဲတင် သေဆုံးဒဏ်ရာရနေတာ ၂၀ ကျော်ရှိနေပြီ။ ကျွန်တော်တို့ဖက်ကလည်း မိုင်းအသိပေး ပညာတွေလုပ်ဆောင်နေတာရှိပါတယ်။ ဒါပေမယ့် နေရာအကုန်လုံးကိုတော့ ထိထိရောက်ရောက်မလုပ်သေးပါဘူး”ဟု ပြောသည်။

ရခိုင်မှာ မေလ ၁၄ ရက်နေ့နဲ့ မေလ ၁၅ ရက်နေ့ ၂ ရက်ဆက်တိုက် မိုင်းပေါက်ကွဲမှုဖြစ်လို့ အမ်းမြို့နယ်နှင့် မင်းပြား မြို့နယ်ဖက်က ဒေသခံ ၂ ဦးသေဆုံးခဲ့ရသည်။

ယင်းပြင် မေလ ၂၉ ရက်နေ့က ပလက်ဝဒေသခံ လူငယ်တစ်ဦး မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက် ဆုံးရှုံးခဲ့ရသလို ယနေ့ မေလ ၃၁ရက်နေ့တွင်လည်း ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာက သက်ကြီး အမျိုးသမီး ၁ ဦးသေဆုံးခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူအများအစုမှာ တောတောင်၊ လယ်ယာမြေများကို အမှီပြုလုပ်ကိုင်စားသောက်နေကြရပြီး တစ်ဖက်တွင်လည်း နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးဒုက္ခသည်များနှင့် ဒေသခံများက မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးရန် အကြိမ်ပေါင်းများစွာတောင်းဆိုနေကြသည်။

https://www.facebook.com/westernnewsagency/posts/534072118399297

Leave a Reply

Your email address will not be published.