မြန်မာစစ်တပ်က မင်းပြား နရမ်းလမ်းဆုံတွင် ဒေသခံများအား စစ်ဆေး၊ နှစ်ဖက် တင်းမာမှု ဖြစ်ပွါး

By Western News/ 2022 May 22

မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ တပ်ရင်းတစ်ခုဖြစ်သည့် ၅၄၁ တပ်ရင်းက တပ်သားများသည် မေလ ၂၁ ရက်နေ့ မနက်ပိုင်းတွင် စစ်ကားနှစ်စီးဖြင့် အင်အား ၅၀ နီးပါးခန့် က မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးရှိ နရမ်းလမ်းဆုံသို့ ရောက်ရှိလာပြီး ဒေသခံများအား ၁ နာရီနီးပါးခန့်ကြာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

အင်းအား ၅၀ လောက်ရှိသည့် စစ်ကောင်စီ တပ်သားများသည် နရမ်းလမ်းဆုံအနီးတွင် နေရာယူထားပြီး သွားလာနေသည့် ခရီးသည်၏ ကားများ၊ ဆိုင်ကယ်များကို နာရီဝက်ခန့်ကြာ စစ်ဆေးပြီးနောက် အနီးအနားတွင် ၄ နာရီကြာ ကင်းပုန်းဝပ်နေခဲ့ကြောင်း နရမ်းလမ်းဆုံတွင်နေထိုင်သည့် မျက်မြင်များက ပြောသည်။

“မင်းပြားတပ်ရင်းကနေ မနက်ပိုင်း ၁၀ နာရီလောက်မှာ စစ်ကားနှစ်စီးနဲ့ ထွက်လာတယ်။ နရမ်းလမ်းဆုံနားအရောက်မှာ အင်အား ၅၀ လောက်ရှိတဲ့ စစ်သားတွေက နာရီဝက်ခန့်ကြာ လူအသွားအလာတွေ၊ ကားတွေ ဆိုင်ကယ်တွေကို စစ်တယ်။ ပြီးတော့ ကင်းပုန်းဝပ်ကြတယ်။ လေပြင်းတိုက်တော့ စစ်သားတွေ ပြန်လှည့်သွားကြတယ်” ဟုပြောသည်။

အဆိုပါ စစ်ကြောင်းသည် မင်းပြားမြို့မှ ထွက်လာပြီးနောက် ရာမောင်တံတားဖက်သို့ ဖြတ်ကျော်ရန်ကြိုးစားခဲ့သော်လည်း တစ်ဖက်ရာမောင်တံတားတွင်ရှိသည့် ရက္ခိုင့်တပ်တော် AA နှင့် ထိပ်တိုက်တိုး၍ ပြန်လှည့်လာခဲ့သည်ဟု ဒေသခံမျက်မြင်များက ပြောသည်။

နရမ်းလမ်းဆုံနှင့် မနီးမဝေးတွင်ရှိသည့် အမ်းသားကျေးရွာမှ အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက”သိရသလောက်တော့ မင်းပြားဖက်ကနေ ရာမောင်တံတားဖက်ကို မြန်မာစစ်သားတွေ ကားနဲ့ကျော်မယ်လုပ်တယ်။ ဒါပေမယ့် ဟိုဖက်မှာ AAစစ်သားတွေရှိနေတယ်။ အဲ့ဒီမှာ မြန်မာ စစ်သားတွေ မကျော်ဘဲ မင်းပြားနရမ်းခွဆုံကနေ ကင်းပုန်းဝပ်တယ်။ ဒေသခံတွေကတော့ အသွားအလာတော့ ပုံမှန်မဟုတ်တော့ဘူးပေါ့။ ကား၊ ဆိုင်ကယ်တွေမသွား သလောက်နည်းသွားတာပေါ့။ ဒေသခံတွေကတော့ နည်းနည်းစိုးရိမ်မှုတွေမြင့်တက်သွားပါတယ်” ဟုပြောသည်။

မင်းပြားမြို့တွင် ၃၈၀ တပ်ရင်း၊ ၃၇၉ တပ်ရင်းနှင့်  ၅၄၁ တပ်ရင်းတို့ရှိသည်။ ယနေ့တွင် အဆိုပါတပ်ရင်းသည်  စစ်ဆေးမှုများ မရှိတော့ကြောင်း ဒေသခံများကပြောသည်။ ပြီးခဲ့သည့် ဧပြီလကလည်း မြေပုံမြို့နယ် ဝက်ခေါင်းကျေးရွာ အနီးတွင် မြန်မာ စစ်တပ်နှင့် ရက္ခိုင့်တပ်တော် AAတို့ နှစ်ဖက် စစ်ရေးတင်းမာမှုများ ရှိခဲ့သည်။

ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို ၄င်း၏ တွယ်တာအကောင့်မှ တစ်ဆင့် သတိပေးမှုများရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီအကြား စစ်ရေးတင်းမာမှုများရှိနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွါးလာနိုင်သည်ဟု ရက္ခိုင့်တပ်တော်က မေလ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ULA/ AA​၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကိုနှောင့်ယှက်မှုရှိနေသည့် အပြင် စစ်ရေးအရလည်း အင်အားတိုးချဲ့မှုဆက်တိုက်ရှိနေသည့်အတွက် လက်ရှိအခြေအနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန်မဖြစ်နိုင်ဟု ULA/AA​၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Western News ကိုပြောသည်။

အဆိုပါထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက်တွင် စစ်ကောင်စီဖက်က မေလ ၁၉ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်”ရခိုင်တွင် စစ်ရေးပဋိပက္ခများ ဖြစ်‌ပွားလာပါက စစ်တပ်ကို အဆိုးမဆိုရန်” စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ နောက်ဆုံးအပတ်က မင်းပြားမြို့နယ်၊ မင်းရွာ၊ မြစ်နားရွာနှင့် ထောင့်ချေကျေးရွာများသို့ မြန်မာစစ်တပ်ဖက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

https://www.facebook.com/westernnewsagency/posts/527767702363072

Leave a Reply

Your email address will not be published.