မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းသို့သွားသည့် လမ်း ပျက်စီးနေ၍ ကားသမားများအခက်ကြုံနေရ

By Narinjara / 2022 May 28

ဓာတ်ပုံ – ကိုသန်းနိုင်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပန်းတောပြင်တံတားအနီးရှိ ပေ ၅၀၊ ၁ ဖာလုံခန့်တွင် မောင်တောနှင့် အငူအမော်ကိုသွားသည့် ကားလမ်းမှာ မိုးရွာသွန်းမှုကြောင့် ပေ ၂၀၀ ကျော်ခန့် ပျက်စီးနေသည်ဟု သိရသည်။

အဆိုပါလမ်းသည် စစ်တွေမြို့မှ အငူအမော်၊ အငူမော်မှတစ်ဆင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းသို့ သွားလာရသည့် အဓိကလမ်းဖြစ်သည်။

၎င်းလမ်းမှာ ကွန်ကရစ်လမ်းတစ်ပိုင်း၊ ကတ္တရာလမ်းတစ်ပိုင်းနှင့် မြေသားလမ်းတစ်ပိုင်းဖြစ်ပြီး လက်ရှိတွင် မြေသားလမ်းပိုင်းပျက်စီးနေခြင်းဖြစ်သည်ဟု မောင်တောမြို့မှ ကုန်သည်တစ်ဦးဖြစ်သူ ကိုသန်းနိုင်က ပြောသည်။

“ကားအသွားအလာ များတယ်။ မိုးလည်း ရွာတယ်။ အဲဒါကြောင့် လမ်းကပျက်စီးနေတာပါ။ အခုတော့ သွားလာတာတော်တော်လည်း အခက်အခဲ ဖြစ်နေတယ်”ဟုပြောသည်။

ထိုသို့လမ်းများပျက်စီးခြင်းကြောင့် ကုန်သွယ်ပို့ဆောင်ရာတွင် အချိန်ကြန့်ကြာမှုများရှိနေသလို ကားသမားများအနေဖြင့်လည်း ကားပျက်စီးမှုများရှိနေသဖြင့် ကားပြင်စရိတ်ကုန်ကျမှုများဖြစ်ပေါ်နေသည်ဟု ကိုသန်းနိုင်က ပြောသည်။

“အဓိက တာဝန်ရှိသူတွေကို ပြောချင်တာကတော့ နယ်စပ်ကုန်သွယ်ရေးလည်း တစ်ခုလုပ်ထားတယ်။ နှစ်စဉ်နှစ်တိုင်း ဒီတိုင်းဖြစ်နေတယ်။ ပြုပြင်တယ်ဆိုတာမရှိဘူး။ ဘတ်ဂျက်ငွေချပေးတယ်ဆိုတာလည်း မရှိဘူး။ ဒီတိုင်းသွားနေရတယ်။ အခွန်ခတွေကျတော့ ကောက်နေကြတယ်။ တာဝန်ရှိသူတွေကလည်း ဒီလမ်းပျက်နေတာကို တစ်နှစ်မဟုတ်ဘူး၊ နှစ်နှစ်မဟုတ်ဘူး။ မြင်နေကြတာပဲ။ အဓိကတော့ လမ်းတွေကို ပြုပြင်ပေးရင် ကျွန်တော်တို့မြို့အတွက်လည်းကောင်းသွားမယ်” ဟု ပြောသည်။

ယခုလိုကားလမ်းပျက်စီးနေခြင်းကြောင့် ကုန်ကားများမှာ သွားလာမှုကိုရပ်ထားရသဖြင့် ကားမောင်းသမားများသည်လည်း စားဝတ်နေရေးအခက်အခဲဖြစ်သွားရပြီး ယခုပျက်စီးနေသည့်လမ်းကို မြန်မြန်ပြုပြင်ပေးစေချင်သည်ဟု ကုန်ကားမောင်းသူ ကိုမောင်စိုးက ပြောသည်။

“အခက်အခဲတွေက မိုးကလည်းရွာ၊ လမ်းကလည်းပျက်နေတော့ ကားတွေလည်း ရပ်ထားရတယ်။ အဲ့ဒီလိုကားတွေရပ်ထားရတော့ စားဝတ်နေရေးတွေလည်း အခက်အခဲတွေဖြစ်နေတယ်။ ကားမှာပါတဲ့ကုန်တွေလည်း အချိန်မီမရောက်တော့ တင်တဲ့ကုန်တွေကလည်း ငါးတွေဆိုတော့ အခက်အခဲတွေတော်တော့်ကိုဖြစ်နေတယ်။ ဒီလမ်းကို တာဝန်ရှိသူတွေအနေနဲ့လည်း ကျွန်တော်တို့ကို လမ်းကောင်းအောင်မြန်မြန်ပြုပြင်ပေးစေချင်တယ်။ ရွံ့ဗွက်အိုင်တွေမှာ ကျောက်တွေချပြီးတော့ အမြန်ပြုပြင်ပေးစေချင်တယ်” ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှတာဝန်ရှိသူများကိုဆက်သွယ်ခဲ့သော်လည်း  အဆက်အသွယ်မရခဲ့ပါ။

https://www.facebook.com/narinjara.info/posts/5501627493182616

Leave a Reply

Your email address will not be published.