By Western News/ 2022 May 11

ပြီးခဲ့သည့် မေလ ၉ ရက်နေ့နံနက်ပိုင်းက မီးလောင်ကျွမ်းသွားသည် မဟာမုနိ စစ်ဘေးရှောင်စခန်းကို ရခိုင်ပြည်နယ် စစ်ကောင်စီ တာဝန်ရှိသူများက လာရောက်ကြည့်ရှုထောက်ပံ့မှုများ မရှိသေးကြောင်း စခန်းတာဝန်ရှိသူများကပြောသည်။
စစ်ဘေးရှောင်လူဦးရေ ၂၀၀၀ နီးပါးနေထိုင်သည့်အဆိုပါ စစ်ဘေးရှောင်စခန်းတွင် မေလ ၉ ရက်နေ့ နံနက်ပိုင်းက မီးဖိုချောင်ကနေတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားသောကြောင့် လူနေအိမ် ၂၆၂ ဆောင်ဆုံးရှူံးပျက်စီးခဲ့သည်။
စခန်းသို့ ပြည်နယ်အဆင့်က တာဝန်ရှိသူများ ရောက်ရှိခြင်းမရှိသေးဘဲ မြောက်ဦးခရိုင်မှူး အဆင့်ကသာ လာရောက်ကြည်ရှုထောက်ခဲ့တာတွေ ရှိသည်ဟု စခန်းဥက္ကဋ္ဌ ဦးသန်းထွန်းက Western News ကိုပြောသည်။
“ပြည်နယ်အဆင့်က တာဝန်ရှိသူတွေတော့မရောက်သေးဘူး။ ခရိုင်အဆင့်ကတော့ ရောက်တယ်။ မြောက်ဦးခရိုင်းမှူးက စစ်ဘေးရှောင်တွေအတွက် ဆန် တစ်ပတ်စာနဲ့ အိမ်ထောင်စုတစ်ခုကို ပလက်စတစ်ဗူးကြီး တစ်ဗူးမှာ တာလာပတ်ချာ ၂ခု၊ စောင် ၂ထည်၊ အဝတ်အစားတစ်ချို့နဲ့ အိုးတွေစတဲ့ လူသုံးကုန်ပစည်း ၁၀မျိုးလောက် လာလှူသွားတာတော့ရှိတယ်”ဟုပြောသည်။
အဆိုပါ မီးလောင်သွားသည့် စစ်ဘေးရှောင်စခန်းအား ပြည်သူများ၏ အလှူငွေနှင့် ပရဟိတအဖွဲ့အစည်းများမှ လာရောက်လှူဒါန်းငွေများဖြင့် အိမ်များအား မေလ ၁၀ ရက်နေ့ကတည်းက စတင် ဆောက်လုပ်နေကြသော်လည်း မီးလောင်သွားသည့် စခန်းအားလုံး ဆောက်လုပ်ပြီးစီးနိုင်ဖို့ ငွေကြေးလိုအပ်ချက် ရှိနေကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။
လက်ရှိတွင် မီးဘေးသင့် စစ်ဘေးရှောင်များမှာ မဟာမြတ်မုနိ ဘုရားရင်ပြင်ရှိ ဓမ္မာရုံနှင့် စစ်ဘေးရှောင် စခန်းရှိစာသင်ကျောင်းတွင် ယာယီခိုလုံလျှက်ရှိကြသည်။
ပြီးခဲ့သည်၂၀၁၉ ခုနှစ်က AA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲကြောင့် ကျောက်တော်မြို့နယ် ပလက်ဝမြို့နယ်နှင့် မြောက်ဦးမြို့နယ်က မဟာမုနိစစ်ဘေးရှောင်စခန်းသို့ စစ်ဘေးရှောင်လူဦးရေ ၂၀၀၀ နီးပါး လာရောက် ကျော်ခိုလှုံဖို့ ရောက်ရှိလာကြသည်။
https://www.facebook.com/westernnewsagency/posts/520487476424428