မီးလောင်ကျွမ်းသွားသည့် မဟာမုနိ စစ်ဘေးရှောင်စခန်းက ကျန်နေအိမ် ၁၀၀ ကျော် ဆောက်လုပ်ရန် အကူအညီများလိုအပ်နေဆဲ

By Western News/ 2022 May 26

မီးလောင်ကျွမ်းသွားသည့် ကျောက်တော်မြို့နယ်ရှိမဟာမုနိစစ်ဘေးရှောင်စခန်းမှ မဆောက်လုပ်ရသေးသည့် နေအိမ် ၁၀၀ ကျော်ကို ဆောက်လုပ်ရန် အကူအညီများလိုအပ်လျက်ရှိနေဆဲဖြစ်သည်ဟု စခန်းတာဝန်ခံကပြောသည်။

နေအိမ် ၂၆၂ဆောင် မီးလောင်ကျွမ်းသွားသည့်အထဲ လက်ရှိတွင် နေအိမ် ၁၀၀ ဝန်းကျင်ခန့်ကိုသာ အလှူရှင်များအကူအညီဖြင့်ဆောက်လုပ်ပြီးစီးသေးကြောင်း သိရသည်။

စစ်ကောင်စီက မဟာမုနိ စစ်ဘေးရှောင်စခန်းဆောက်လုပ်ရန် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ၎င်းတို့မှ ကူညီထောက်ပံ့ရန်ပြောဆိုထားမှုလည်းရှိသည်။

သို့သော် လက်ရှိအချိန်အထိအဆိုပါ ကော်မတီက နေအိမ်ဆောက်လုပ်ရန်အတွက် တစ်စုံတစ်ရာလုပ်ဆောင်ပေးခြင်းမရှိသေးဟုလည်းသိရသည်။

ကျန်နေအိမ်များထဲမှ နေအိမ် ၁၄၅ ကို ဆောက်လုပ်ပေးရန် (ပြောင်းရွှေ့များအတွက် နိုင်ငံတကာအဖွဲ့အစည်း (IOM) ကပြောဆိုထားမှုရှိသော်လည်း အကောင်အထည်ဖော်ဆောင်မှုမရှိသေးဟု စခန်းတာဝန်ခံ ဦးသန်းထွန်းကပြောသည်။

“နေအိမ်ကတော့ ၁၀၀ ဝန်းကျင်လောက် ဆောက်ပီးနေပါပြီ။ ဆောက်ပြီးတဲ့ နေအိမ်တွေမှာလည်း နေထိုင်နေကြပါပြီ။ ကျွန်တော်တို့ နေအိမ် ၁၄၅ဆောင်ကို IOMက ဆောက်ပေးမယ်လို့တော့ ပြောထားတာရှိပေမယ့် ခုထိတော့ လုပ်ပေးတာမရှိသေးပါဘူး။ ကျွန်တော်တို့က လည်း သစ်ဝါးတွေကို အများမဝယ်သေးဘူး။ သူတို့ဆီက လာရင် ပိုကုန်မှာစိုးရိမ်လို့ပါ ” ဟုပြောသည်။

အကယ်၍ ကျန်နေအိမ်များကိုလည်း စခန်းတာဝန်ရှိသူများကဦးဆောင်ဆောက်လုပ်ရမည်ဆိုလျှင် အလှူငွေ ကျပ်သိန်း ၃၀၀နီးပါးခန့်လိုအပ်မှုရှိနေသေးသည်ဟု ၎င်းကဆိုသည်။

လက်ရှိနေအိမ်များမှာ ၁၂ ပေပတ်လည်နေအိမ်များဖြစ်ပြီး  ဓနိဖြင့်ခေါင်မိုးပြီး အကာကို ဝါးနှင့်တာလပေါ်တို့ဖြင့်ပြုလုပ်ခြင်းဖြစ်ပြီး တစ်အိမ်လျှင် ပျမ်းမျှငွေ ၃သိန်းကျပ်ဝန်းကျင် ကုန်ကျသည်ဟုသိရသည်။

လက်ရှိတွင် နေအိမ် မဆောက်လုပ်ရသေးသည့် စစ်ဘေးရှောင်များမှာ စခန်းတွင်း စာသင်ဆောင်နှင့် မဟာမြတ်မုနိ တောင်ဘက် မုဒ်ဝရှိ ဓမ္မာရုံတွင် နေထိုင်နေကြသည်။

ယင်းပြင် မဟာမြတ်မုနိတွင် စစ်ကောင်စီက တပ်စွဲထားမှုရှိနေသည့်အပြင် ညည့်အချိန်ခါ သေနတ်ပစ်ဖောက်မှုများလည်း ရှိနေသည့်အတွက် စိုးရိမ်မှုရှိနေသည်ဟု စစ်ဘေးရှောင်တစ်ဦးကပြောသည်။

” ၂၄၊၂၅၊၂၆ရက် ၃ရက်ရှိပြီ ဆက်တိုင်း ညည့်အချိန်တွေမှာ သေနတ်တွေပစ်ဖောက်တာ။ စစ်ဘေးရှောင်လာတယ်ဆိုမှသေနတ်သံတွေအနားကကြားရတော့  ပထမနေ့ကဆို ထွက်ပြေးကုန်ကြတယ်။ ဘာပဲဖြစ်ဖြစ် ငတ်တစ်ခါ မွတ်တလှည့်နေရရင်လည်း စိတ်အေးအေးလေးနဲ့နေချင်ပါတယ်” ဟုဆိုသည်။

မဟာမြတ်မုနိ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် အိမ်ထောင်စု စုစုပေါင်း ၄၃၂ဆောင်ရှိရာမှ ပြီးခဲ့သည့် မေလ ၉ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၂၆၂ဆောင် ဆုံးရှုံးသွားခဲ့သည်။

မီးလောင်ဆုံးရှုံးသွားသည့် နေအိမ်များကို ပြည်တွင်းပြည်ပအလှူရှင်များထံမှ ငွေကြေးထောက်ပံ့မှုဖြင့် ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေကြခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/530475652092277

Leave a Reply

Your email address will not be published.