မိုးရက်ဆက်ရွာသွန်းမှုကြောင့် မြေပဲအပျက်အစီးများ

By Development Media Group (DMG)/ 2022 May 12

ယခုလအစောပိုင်းမှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် မြေပဲများ ပျက်စီးရှုံးဆုံးမှုများရှိနေကြောင်း မာန်အောင်မြို့နယ်မှ မြေပဲစိုက်တောင်သူများထံမှသိရသည်။

ယခင်နှစ်က မိုးရွာသွန်းမှုရှိခဲ့သော်လည်း မြေပဲအပျက်အစီးနည်းခဲ့ပြီး ယခုနှစ်တွင် မိုးတာရှည်ရွာသွန်းနေမှုကြောင့် မြေပဲအပျက်အစီးများရှိနေသည်ဟု မာန်အောင်မြို့နယ်၊ ငပုကုန်းကျေးရွာမှ မြေပဲစိုက်တောင်သူ ကိုကျော်လွင်ကပြောသည်။

“မိုးက ဆက်တိုက်ဆိုသလိုရွာနေတော့ ပဲပင်တွေကိုနှုတ်လို့လဲမရဖြစ်နေတယ်။ ပြီးတော့ နှုတ်ပြီးသားမြေပဲဥတွေကိုလဲ နေလှန်းလို့လဲမရတော့ ရေစိမ်ပြီး အညှောင့်ဖောက်ထားသလိုဖြစ်နေတယ်။ တော်တော်အရှုံးများမဲ့အခြေနေရှိ​နေတယ်”ဟု ၎င်းကဆိုသည်။

ယခုနှစ်တွင် မြေပဲတစ်တင်းကို ငွေကျပ် ၂၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မြေပဲစျေးနှုန်းမှာ ယခင်နှစ်များထက် စျေးကောင်းရရှိကြောင်း တောင်သူများကပြောသည်။

လက်ရှိမှာမိုးရွာသွန်းမှုကြောင့် မြေပဲများကို အချိန်မှန်မှန်နေလှန်းခြင်းမပြုလုပ်ရခြင်းကြောင့် စျေးနိမ့်ဖြင့်ရောင်းချရမည်ဖြစ်သဖြင့် အရှုံးပေါ်မည်ကိုစိုးရိမ်နေရသည်ဟု နောက်ထပ်မြေပဲစိုက်တောင်သူ ဦးမောင်စောသိန်းကပြောသည်။

“ဒီနှစ်မြေပဲက စျေးကောင်းတယ်။ ဒါပေမဲ့မိုးရွာတော့ မြေပဲပင်တွေရေမြုပ်နေကြတယ်။ နှုတ်လို့လဲမရဘူး။ နှုတ်လို့ရထားတဲ့ မြေပဲဥတွေကိုလဲ နေမလှန်းရဘူး။ ကျနော့်မှာဆိုရင် တစ်ဧကလောက်ရှိသေးတယ်။ မနှုတ်ရသေးတဲ့မြေပဲစိုက်ခင်းတွေ။ ပြီးတော့မိုးမိပြီး နေပူသေချာမလှန်းရတဲ့မြေပဲတွေက ဝယ်သူတွေက ယခင်စျေးလောက်မပေးတော့ အရှုံးပေါ်မှာကိုစိုးရိမ်နေရတယ်”ဟု ၎င်းကဆိုသည်။

မာန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာအများအပြားတွင် နွေရာသီမြေပဲစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး နှစ်စဉ်မြေပဲစျေးကောင်းမရသည့်အတွက် မြေပဲစိုက်ပျိုးသူနည်းလာနေသည်။ ယခုနှစ်တွင် မြေပဲစျေးကောင်းရသော်လည်း ရာသီဥတုအခြေအနေကြောင့် အပျက်အစီးများကြောင်း မြေပဲစိုက်တောင်သူများကပြောဆိုသည်။

https://www.facebook.com/dmgnewsagency/posts/2291461724339559

Leave a Reply

Your email address will not be published.