By Development Media Group (DMG)/ 2022 May 05
မင်းပြားမြို့နယ်၊ ကံဖေတိုက်နယ်ရှိ ပေါ်တော်မူဘုရားပေါင်းဘုရားပွဲတော်တွင် ရခိုင်ရိုးရာကျင်ကိုင်ပွဲနှင့် မွတ်ဆလင်တို့၏ကျင်ကိုင်ပွဲတို့ကို ထည့်သွင်းကျင်းပခဲ့သည်။
အဆိုပါကျင်ကိုင်ပွဲကို မေလ ၃ ရက်နေ့က စတင်ကျင်းပခဲ့ကာ ကံဖေတိုက်နယ်အတွင်းရှိ ရခိုင်ကျေးရွာ (၁၄)ရွာမှ ဒေသခံများအပြင် မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့ရှိ မွတ်ဆလင်ကျေးရွာပေါင်း (၂၈)ရွာမှ မွတ်ဆလင်များက လာရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အခြားသော ပေါက်တော၊ စစ်တွေ၊ မြောက်ဦး စသည့်မြို့နယ်တို့မှ ကျင်သန်(၄၁)ဦးကလည်း အဆိုပါကျင်ကိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ခဲ့သည်။
မင်းပြားမြို့နယ်၊ နိုနာမွတ်ဆလင်ကျေးရွာမှ ကိုကျော်မောင်ချေက ယခုကဲ့သို့ လာရောက်ယှဉ်ပြိုင်ခြင်းမှာ အနိုင်၊အရှုံးအပေါ်မူတည်၍ လာရောက်ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ ရခိုင်နှင့် မွတ်ဆလင်တို့အကြား ဆက်ဆံရေး ကောင်းမွန်စေရန်အတွက် လာရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်းပြောသည်။
“အရေးအခင်းဖြစ်ပြီးကတည်းက ကျနော်တို့သွားလာစရာ ပွဲလမ်းသဘင်လည်းမရှိဘူး။ ပျော်လည်းမပျော်ရဘူး။ အခုရခိုင်လူမျိုးနှင့် ကျနော်တို့ကြားမှာ ဆက်ဆံရေးတွေ ကောင်းမွန်လာပြီးနောက်ပိုင်းမှာသာ ပွဲတွေကြည့်လာရတယ်။ သွားစရာ၊လာစရာနေရာတွေလည်း အများကြီးရှိလာတယ်။ အခုဆိုရင် ကျနော်တို့နဲ့ ရခိုင်တွေကြားမှာဆက်ဆံရေးက အရင်ထက်စာရင် အမျာကြီးကောင်းမွန်နေပြီ။ နောက်လည်း ဒီထက်ပိုကောင်းမွန်တဲ့ဆက်ဆံရေးမျိုးဖြစ်လာအောင် ကျနော်တို့တွေကြိုးစားသွားမှာပါ”ဟု ၎င်းကဆိုသည်။
အဆိုပါကျင်ကိုင်ပွဲတွင် ရွှေမောင်းတန်းပထမဆုကို ငွေကျပ်(၅၃၀၀၀၀)ကျပ်၊ ဒုတိယဆုကို ငွေကျပ်( ၂၆၅၀၀၀)ကျပ်၊ ငွေမောင်းတန်းပထမဆုကို ငွေကျပ်( ၃၉၇၈၀၀)ကျပ်၊ ဒုတိယဆုကို ငွေကျပ်(၂၂၁၀၀၀)ကျပ် စသည်ဖြင့် အသီးသီးဆုချီးမြှင့်သွားမည်ဖြစ်သည်။
မင်းပြားမြို့နယ်၊ ကံဖေတိုက်နယ်အတွင်းရှိ ပေါ်တော်မူဘုရားပေါင်းဘုရားပွဲကို (မေလ ၃ ရက်နေ့မှ မေလ ၅ ရက်နေ့)အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပနေခြင်းဖြစ်သည်။
https://www.facebook.com/dmgnewsagency/posts/2285748224910909