မင်းပြားတွင် စစ်တပ်နှင့် AA တစ်ဖက်နှင့်တစ်ဖက် အနီးကပ်စောင့်ကြည့်မှုများ ရှိနေဟုဆို

By Narinjara / 2022 May 12

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့်  မြန်မာစစ်တပ်တို့ အကြားတွင်  တစ်ဖက်နှင့် တစ်ဖက်အနီးကပ်စောင့်ကြည့်မှုများ ဖြစ်ပေါ် လျက်ရှိသည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

ယနေ့ မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက မင်းပြားပြည်သူ့ဆေးရုံနားဝန်းကျင်တွင် စစ်တပ်က လှုပ်ရှားမှုများရှိခဲ့ပြီး နေ့လယ်ပိုင်းကလည်း လူငယ်တချို့ကို စစ်ဆေးမှုများရှိခဲ့ကြောင်း မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။

“မနက်ပိုင်းက စစ်တပ်က ဆေးရုံနားပတ်ဝန်းကျင်တစ်လျှောက်ကို ပတ်ပြီးသွားကြတယ်။ နေ့လယ် တစ်နာရီ ဝန်းကျင်လောက်က မသင်္ကာတဲ့ လူတွေကို လူငယ်တွေကို ဆိုင်ကယ်တွေကို စစ်လားဆေးလားလုပ်ခဲ့တယ်”ဟု ပြောသည်။

လက်ရှိတွင်မင်းပြားပြည်သူ့ဆေးရုံနားရှိ ချင်းကျောင်းတွင် ၃၇၉ တပ်ရင်းမှ စစ်သား ၃၀ ကျော်နှင့် ရဲတပ်ဖွဲ့ဝင်တချို့ တပ်ချလျက်ရှိကြောင်း သိရသည်။

လက်ရှိ အေအေဘက်ကလည်း မင်းပြားမြို့ကားကြီးကွင်းဘက်တွင် နေရာ ယူထားသည်ဟု သိရသည်။

“အခြေအနေက စစ်တပ်ဘက်က အမျိုးသားရေးလှုပ်ရှားသူတွေကို ဖမ်းဆီးမယ်လို့သတင်းရလို့ AA ဘက်က တပ်ရင်းမှူးကိုယ်တိုင်ဦးစီးပြီး မင်းပြားမြို့ ကားကြီးကွင်းနားမှာ လက်ဦးမှုယူပြီး နေရာယူ ထားတယ်လို့ သိရတယ်။ သူတို့ စစ်တပ်ဘက်ကသာ အလေးမထားဘဲ ရှေ့တိုးလာရင်တော့ ပွဲဖြစ်သွားနိုင်တယ်လို့အခြေအနေရှိတယ်”ဟု ပြောသည်။

မင်းပြားမြို့ရှိ အမျိုးသားရေးလှုပ်ရှားသူများကို စစ်တပ်ဘက်မှ ဖမ်းဆီး စစ်ဆေးမည်ဟု သတင်းများ ပေါက်ကြားနေသည့်အတွက် လူတချို့ တိမ်းရှောင်နေရသည်ဟု သိရသည်။

ရခိုင်မှ မြို့နယ်တချို့တွင် စစ်တပ်ဘက်က စစ်ဆေးရေးတင်းကျပ်မှု၊ စစ်ရေးလှုပ်ရှားမှုများ နှင့် အတူ ကျေးရွာများကို ဝင်ရောက်စစ်ဆေးမှုများလည်း ရှိနေသည်။

ရက္ခိုင့်တပ်တော် (AA) တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ရခိုင်တွင် စစ်တပ်က စစ်ရေးလှုပ်ရှားမှုများအပြင် ကျေးရွာများကို ဝင်ရောက်စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများရှိနေ၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထင်လတ်ဦးကို သတိပေးစကားပြောဆိုထားသည်။

https://www.facebook.com/narinjara.info/posts/5454664067878959

Leave a Reply

Your email address will not be published.