By Development Media Group (DMG)/ 2022 May 30

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းစျေးအတွင်း မီးလောင်မှုတွင် ဆန်ဆိုင်၊ ကုန်စုံဆိုင်အပါအဝင် ဆိုင်ခန်းပေါင်း ၂၅ ခန်းကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။
ယင်းမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အရေးယူအမှုဖွင့်ရန်ပြင်ဆင်နေသည်ဟု ဘူးသီးတောင်မြို့နယ် ညောင်ချောင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရသိရသည်။
“အခုက အရေးယူအမှုဖွင့်ဖို့ ဆောင်ရွက်နေပါတယ်။ သံသယရှိသူတွေကိုလည်း စစ်ဆေးနေပါတယ်။ စျေးဆိုင်တွေကို ဘယ်ကစပြီးတော့ မီးလောင်သွားတယ်ဆိုတဲ့အကြောင်းရင်းကိုတော့ စစ်ဆေးနေတုန်းပဲရှိပါတယ်။ ပြောလို့မရသေးပါဘူး”ဟု ညောင်ချောင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စခန်းမှူး ရဲအုပ်မောင်အေးကဆိုသည်။
မီးလောင်မှုဖြစ်စဉ်မှာ မေ ၃၀ ရက်နေ့ နံနက် ၂ နာရီခန့်က စတင်လောင်ကျွမ်းခဲ့ရာ စျေးလိုင်တန်းနှစ်တန်း လောင်ကျွမ်းသွားပြီး ရွာသူ၊ရွာသားများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့သည့်အတွက် ဆိုင်ခန်း ၃၀ ခန့် မီးလောင်ကျွမ်းဆုံးရှုံးခဲ့ကာ ယင်းထဲတွင် ဆန်ဆိုင်၊ ကုန်စုံဆိုင်၊ ပန်းပဲဆိုင်၊ ထမင်းဆိုင်တို့ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။
မီးလောင်မှုကြောင့် စားသောက်ကုန်ပစ္စည်းများရောင်းချသည့် စျေးဆိုင်ခန်း ၂၆ ခန်းမီးလောင်ပျက်စီးသွားခဲ့ပြီး ကာလတန်ဖိုးသိန်း ၅၀ ခန့်ဆုံးရှုံးခဲ့ရသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဆိုင်ခန်းများထဲတွင် မီးလောင်ဆုံးရှုံးသွားသည့် ကုန်ပစ္စည်းတန်ဖိုးမှာ ကာလတန်ဖိုးအားဖြင့် သိန်းရာနှင့်ချီပြီးဆုံးရှုံးသွားနိုင်သည်ဟုလည်း အဆိုပါစျေးတွင်ရောင်းချနေသည့် စျေးသည်များက ပြောဆိုကြသည်။
စားကုန်ဆိုင်ရောင်းချသူ ဒေါ်အောင်သိန်းဖြူက “ကျမတို့မှာဆိုရင် စားကုန်ဆိုင်ရောင်းချနေတာ။ အကုန်လုံးပါသွားတယ်။ အခုတန်ဖိုးနဲ့ဆိုရင် ငွေကျပ်သိန်း ၃၀ လောက်ပါသွားတယ်။ အကုန်လုံးက ဝါးတွေနဲ့ဆောက်ထားတာဆိုတော့ မီးလောင်တာမြန်ပြီးတော့ ကျွမ်းသွားတာပါ။ ရွာသူ၊ ရွာသားတွေမီးငြိမ်းလိုက်လို့ အခုလောက်နဲ့ဆုံးသွားတာပါမဟုတ်ရင် အကုန်လုံးပါသွားမယ်”ဟု ဆိုသည်။
ယနေ့ မေ ၃၀ ရက်နေ့ နံနက်ပိုင်းက ဘူးသီးတောင်မီးသတ်ဦးစီးဌာနနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ လာရောက်စစ်ဆေးနေပြီး အဆိုပါအနီးနားတွင် လုံခြုံရေးချထားသည်ဟုလည်း ဒေသခံများထံမှသိရသည်။
အဆိုပါညောင်ချောင်းစျေးမှာ ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ရှိပြီး ရခိုင်ညောင်ချောင်းကျေးရွာနှင့် မွတ်ဆလင်ကျေးရွာကြားတွင် တည်ရှိသည်။
https://www.facebook.com/dmgnewsagency/posts/2305686379583760