ပြည်တွင်း၊ ပြည်ပရခိုင်လူငယ်များအရည်အချင်းမြင့်စကားပြောစွမ်းရည်ပြိုင်ပွဲကို ဒုတိယအကြိမ်မြောက်ကျင်းပမည်

By  Voice Of Westland (VOW)/ 2022 May 12

ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ရခိုင်လူငယ်တွေအနေနဲ့ အရည်အချင်းမြင့် စကားပြောစွမ်းရည်ပြိုင်ပွဲပြုလုပ်နိုင်ဖို့အတွက် ရခိုင်လူငယ်နှင့်အနာဂတ်(Arakan Youth and Future)အဖွဲ့က ဦးဆောင်ပြီး ဒုတိယအကြိမ်မြောက် စကားပြောစွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဲဒီစကားပြောစွမ်းရည်ပြိုင်ပွဲကို ဩဂုတ်လ ၁၄ ရက်နေ့ကစတင်ကျင်းပသွားမှာဖြစ်သလို ရခိုင်ဘာသာစကားနဲ့ ယှဉ်ပြိုင်ပြီး အဆင့်ဆင့်ရွေးချယ်မှုများပြုလုပ်သွားမယ်လို့ ဆရာတော်ကြီးရဲ့မိန့်ကြားချက်အရသိရပါတယ်။

ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဦးဆောင်ပါဝင်တဲ့ပီချောင်းအင်စတီကျူးတည်ထောင်သူ ဝဲကြီးထောင့် ဆရာတော် စန္ဒာဝရက ပြိုင်ပွဲရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်လို့ Vowကို မိန့်ပါတယ်။

“ဘာသာရေးဆိုင်ရာတွေကိုလည်း ကလေးတွေနားလည်တတ်လာအောင် စာပေဖတ်ရှုမှုစိတ်ဝင်စားအောင်၊ အပြောစွမ်းရည်နဲ့ စာပေဗဟုသုတ တိုးပွါးစေချင်တယ်။ နောက်တခုက ပြည်ပမှာရောက်နေတဲ့ ရခိုင်ဒေသနဲ့ အလှမ်းဝေးတဲ့ကလေးတွေကို ရခိုင့်ယဉ်ကျေးမှု၊ ရခိုင့်အတွေးအခေါ်တွေအားနည်းနေတာလေးတွေရှိမယ်။ ပြိုင်ပွဲဝင်ချင်တဲ့ကလေးတွေပြိုင်ဖို့အတွက် ကြိုးစားရင်း ရခိုင်အကြောင်းတွေကိုသိလာမယ်။ မိဘတွေကလည်းကိုယ့်ကလေးတွေကို ရခိုင်နဲ့ဆက်စပ်ထိတွေ့မှုရှိအောင် ပြိုင်ခိုင်းစေချင်ကြတယ်လို့သိရတယ်။ နောက်ပြီး ကိုယ့်ရခိုင်လူငယ်လေးတွေ စကားပြောစွမ်းရည်အရည်အချင်းတွေ မြင့်တက်လာစေချင်တာကြောင့်ပါ” ဟု မိန့်ပါတယ်။

ယှဉ်ပြိုင်တဲ့အခါမှာ ခေါင်းစီးကြီးနဲ့ ခေါင်းစီးငယ်နှစ်မျိုးခွဲထားပြီး ခေါင်းစီးငယ်မှာ အပိုင်းသုံးပိုင်းပေးထားပါတယ်။ အဲဒါတွေကတော့ (၁)ကျင့်စဉ်ပါရမီဆယ်ပါးနှင့်လမ်းစဉ်သုံးရပ် (၂)ရခိုင်လူငယ်နှင့်ရခိုင်သမိုင်း(သမိုင်း) (၃)ရခိုင်လူငယ်နှင့်နည်းပညာ(ခေတ်ပညာ)ဆိုပြီး သုံးခုပါရှိမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်လူငယ်တွေအနေနဲ့ ပထမအဆင့်မှာခေါင်းစီးငယ်သုံးခုထဲက ကြိုက်နှစ်သက်တဲ့ ခေါင်းစီးတစ်ခုကို ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်သလို ပြိုင်ပွဲမှာယှဉ်ပြိုင်ပုံအဆင့်နှစ်ဆင့်သတ်မှတ်ထားတာကိုလည်းတွေ့ရပါတယ်။

ပထမအဆင့်မှာမိမိယှဉ်ပြိုင်လိုတဲ့ ခေါင်းစဉ်နဲ့ အွန်လိုင်းကနေ ဗီဒီယိုဖိုင်တွေပို့ရမှာဖြစ်သလို ဒုတိယအဆင့်မှာတော့ အဲဒီအထဲက အကောင်းဆုံး စကာတင် ၁၀ ယောက်ကိုရွေးချယ်ပြီးနောက် စစ်တွေမြို့မှာ အခမ်းအနားပြုလုပ်ပြီး ပြိုင်ပွဲဝင်စေမှာဖြစ်တယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

ဒီပြိုင်ပွဲမှာ ပထမဆု (၅)သိန်းကျပ်၊ ဒုတိယဆု (၄)သိန်းကျပ်၊ တတိယဆု (၃)သိန်းကျပ်အပြင် ဇွဲဆု/နှစ်သိမ့်ဆုများနဲ့ တက္ကသိုလ်ပညာသင်ဆုဆိုပြီး အသီးသီးချီးမြင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပထမအကြိမ်ရခိုင်လူငယ်များအရည်အချင်းမြင့်စကားပြောစွမ်းရည်ပြိုင်ပွဲမှာအကဲဖြတ်ဒိုင်အဖြစ်ပါဝင်ခဲ့တဲ့ ဆရာညဏ်လင်းကလည်း အခုလိုပြောပါတယ်။

“ဒီပြိုင်ပွဲမှာဆုရလူငယ်တွေအတွက် ပညာသင်ဆုဆိုပြီးတော့တခုပါတယ်။ ပြိုင်ပွဲဝင်တွေထဲမှာ တက္ကသိုလ်တက်နေကြတဲ့နေ့သင်တန်းတွေ၊ အဝေးသင်တွေတက်နေကြတဲ့ ကျောင်းသားတွေလဲရှိမယ်။ တစ်နှစ်တာပညာသင်ဆုရသွားတဲ့ကလေးတွေရဲ့ ပညာရေးကိုဒီရခိုင်လူငယ်နှင့်အနာဂတ်(AYF)အနေနဲ့ တတ်နိုင်သလောက်ထောက်ပံ့ချင်တာလဲပါတယ်။ သူတို့ပညာရေးဘွဲ့ရတဲ့အထိထောက်ပံ့သွားဖို့ရှိတယ်”

ပြီးခဲ့တဲ့၂၀၂၁ ဒီဇင်ဘာလတွင်ပြုလုပ်ခဲ့တဲ့ ပထမအကြိမ်မြောက် ရခိုင်လူငယ်များအရည်အချင်းမြင့်စကားပြောစွမ်းရည်ပြိုင်ပွဲမှ နောက်ဆုံးဇကာတင် ၁၀ ယောက်ထဲမှာပါဝင်တဲ့ ကျောင်းသား ၁၀ ယောက်ရဲ့ပညာရေးဆိုင်ရာကုန်ကျစရိတ်တွေကို အခု လက်ရှိအချိန်ထိထောက်ပံ့ထားဆဲဖြစ်ပါတယ်။

https://www.facebook.com/VOW2ppl/posts/165917375827648

Leave a Reply

Your email address will not be published.