ပုဂ္ဂလိကရေယာဉ်များဖြင့်ခရီးသွားရာတွင် ကုန်ကျမှုများသဖြင့် ကျောက်တော်-ပလက်ဝအကြားပြေးဆွဲနေသည့်အစိုးရရေယာဉ်ကို ရက်ထပ်တိုး ပြေးဆွဲပေးရန် ပလက်ဝဒေသခံများ တောင်းဆို

By Narinjara / 2022 May 04

ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ အကြားကုလားတန် မြစ်ကြောင်း အတိုင်း အစိုးရရေယာဉ် ရေနယား (၁) မှာ တစ်ပတ်တွင် တစ်ကြိမ်သာ ပြေးဆွဲနေပြီး ကြားရက်များ၌ ပုဂ္ဂလိက ရေယာဉ်များကို အသုံးပြုခရီးသွားနေရသဖြင့်  ကုန်ကျမှုများနေ၍ အစိုးရ ရေယာဉ်ကို  ရက်ထပ်တိုးပြေးဆွဲပေးရန် ပလက်ဝဒေသခံများ တောင်းဆိုလိုက်သည်။

ပလက်ဝဒေသခံ ကိုမင်းအောင်က “အရေးကြီးရင် ကြားဘုတ်တွေ၊ စက်လှေတွေနဲ့သွားရတယ်၊ အဲသလို သွားရာမှာလည်း ပလက်ဝကနေ ရွှေပြည်အထိဘဲရောက်တယ်။ အဲဒါကြောင့်ကျောက်တော်ကို ကားနဲ့သွားရသေးတယ် ခြောက်ထောင်၊ ခုနှစ်ထောင်ပေးပြီးတော့။ ကျောက်တော်နဲ့ ပလက်ဝကို သွားမယ်ဆိုရင် အလားအလာတောင် ခြောက်သောင်းလောက်ကုန်သွားပြီ။ နေမကောင်းလို့ အရေးတကြီး သွားရမယ်ဆိုရင် လူတစ်ယောက်အတွက် တစ်သိန်းလောက်လိုတယ်။ အဲဒါကြောင့် အစိုးရ ရေယာဉ်ကို ဒီထက်တိုးပြီးပြေးဆွဲပေးရင်ကောင်းမယ်” ဟုပြောသည်။

လက်ရှိတွင် ကျောက်တော်-ပလက်ဝခရီးစဉ်ကို တစ်ပတ်တွင် ဗုဒ္ဓဟူးနေ့တစ်ရက်သာ ပြေးဆွဲနေပြီး  လူဦးရေးအကန့်သတ်ဖြင့်သာ တင်ဆောင်နေသဖြင့်  စျေးနူန်းသက်သာသည့် အစိုးရ ရေယာဉ်ဖြင့် အများစုမှာ လိုက်ပါခွင့် မရဘဲ ဖြစ်နေသည်ဟု ဆိုသည်။

အစိုးရရေယာဉ်တွင် လူ ၁၀၀ ခန့်သာတင်ဆောင်ပြီး သင်္ဘောခမှာလည်း ၂၀၀၀ ကျပ်သာဖြစ်ကြောင်း၊ ပြင်ပ စက်လှေနှင့် ဆိုလျှင် နှစ်သောင်းအထိ ပေးရသဖြင့် လိုက်ပါမည့်သူ များပြားနေခြင်းဖြစ်ကြောင်း ကိုမင်းအောင်က ဆက်ပြောသည်။

ပလက်ဝဒေသခံတစ်ဦးက “တစ်ရက်တည်းနဲ့တော့ မလုံလောက်ဘူး၊ ဒါပေမယ့် အရေးကြီးရင် ကြားစက်လှေတွေနဲ့ နှစ်သောင်းခွဲလောက် ပေးပြီး သွားနေရတယ်။ သွားလာရတာက အရမ်း အခက်အခဲဖြစ်တယ်။ သင်္ဘောက တစ်ပတ်မှာနှစ်ကြိမ်လောက်ထွက်ရင်တော့ ပိုကောင်းမယ်။ အခု တစ်ကြိမ် ထွက်နေတဲ့အထဲမှာတောင် ထိုင်မဲ့ နေရာတွေမရဘူး” ဟုပြောသည်။

ငွေကြေးမတတ်နိုင်သည့် ပလက်ဝဒေသခံများအနေဖြင့်  အစိုးရသင်္ဘောနှင့် လိုက်ပါခွင့်မရ၍  ကြားစက်လှေများနှင့် အဖိုးအခကြီးမြင့်စွာဖြင့်  သွားလာ နေရသည့် အတွက်  လွန်စွာ အခက်အခဲဖြစ်နေကြောင်း ၎င်းတို့က ပြောဆိုသည်။

လက်ရှိပြေးဆွဲနေသည့် ကျောက်တော်-ပလက်ဝရေယာဉ်လိုင်းခရီးစဉ်ကို ထပ်တိုးပြေးဆွဲရန် လောလောဆယ်တွင်အစီအစဉ်မရှိသေးကြောင်း ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပြည်နယ်ရဲမှူးသက်လွင်က နိရဥ္စရာသို့ပြောသည်။

“ဆွဲတော့ဆွဲချင်တာပေါ့ ထပ်တိုးပြီး။ ဘာကြောင့်မဆွဲဖြစ်လည်းဆိုတော့ တခြားအလုပ်ကိစ္စတွေ၊ အကြောင်းတွေ ရှိနေသေးလို့ပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ လုံလောက်တယ်၊ မလောက်တယ်ဆိုတာထက် အဓိကတော့ လုံခြုံရေး အခြေအနေတွေအရရော၊ တခြားကိစ္စတွေ ရှိနေသေးတဲ့အခါတော့ လက်ရှိအခြေအနေမူဝါဒအရတော့ တစ်ပတ် တစ်ရက်ဘဲဆွဲနေတယ်။ အခြေအနေတစ်ခုပေးရင်တော့ ထပ်ဆွဲပေးသွားဖို့ ရှိပါတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့သည် နယ်နမိတ်ချင်း ထိစပ်နေသော်လည်း  ခရီးသွားလာရေးခက်ခဲပြီး သယ်ယူ ပို့ဆောင်ရေး ကြန့်ကြာမှုများရှိနေသဖြင့်  ပလက်ဝတွင် ကုန်ပစ္စည်းများမှာ တစ်ခြားဒေသများထက် မြင့်တက်နေကြောင်း သိရသည်။

ယခုပြေးဆွဲနေသည့် အစိုးရရေယာဉ်တွင် လူတစ်ဦးကို ကျပ် ၂၀၀၀ ကောက်ခံပြီး ကုန်တစ်တန်လျှင် ကျပ် ၁သောင်းကျော် အထိ ကောက်ခံကြောင်း၊  သို့သော်လည်း  ဆန်၊ စက်သုံးဆီနှင့် အိမ်ဆောက် ပစ္စည်းများကို အကန့်အသတ်ဖြင့်သာ တင်ယူခွင့်ရကြောင်း ခရီးသည်များက ပြောသည်။

အစိုးရဇက်ရေယာဉ်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်မှ စတင်ပြေးဆွဲနေခြင်းဖြစ်ကြောင်း  သိရသည်။

https://www.facebook.com/narinjara.info/posts/5431509220194444

Leave a Reply

Your email address will not be published.