By Western News/ 2022 May 30
ပလက်ဝမြို့နယ် အဘောင်သား ကျေးရွာသားများ ကို မြန်မာစစ်တပ်က ရိုက်နှက်ပြီး ကျေးရွာသားတစ်ချို့ကို ဆူးပုတ်တောင်ဟုခေါ်သည့် အထက်ဘက်ကုန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျေးရွာသားများက ပြောဆိုသည်။
မေလ ၃၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၄၀ မိနစ်လောက်က ပလက်ဝမြို့နယ် အဘောင်သားကျေးရွာသို့ စစ်ကောင်စီအင်အား ခန့်မှန်း ၆၀ ဝန်းကျင်က ရောက်ရှိလာပြီး ရွာသားများကို ရိုက်နှက်မှုများ ပြုလုပ်ကာ ၎င်းတို့ပိုင်ဆိုင်သည့် ဖုန်းများအား သိမ်းဆည်းသွားခဲ့ကြောင်း ကျေးရွာသားများက ပြောဆိုသည်။
အဘောင်းသားကျေးရွာသို့ စစ်ကောင်စီတပ် ခလရ ၂၃၂ တပ်မ ၅၅ ခ လ ရ ၅၃၉ တို့ ပူးပေါင်းပြီး အင်အား ၆၀ ဝန်းကျင်ခန့်က ဝင်ရောက်လာကာ အဘောင်သားကျေးရွာသားများကို ရိုက်နှက်၍ ဆူးပုတ်တောင်ဟု ခေါ်သည့် အထက်ဘက်ကုန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။
ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က အဘောင်သားကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အဘောင်းသားကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးတို့ကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရပြီးနောက်တွင် ဆယ်အိမ်မှူး ပြန်လွတ်လာသော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြန်မလွှတ်ပေးသေးကြောင်း ဒေသခံများကပြောသည်။
မြန်မာစစ်တပ်မှစစ်သားများသည် အဆိုပါ အဘောင်သားကျေးရွာမှ ဆယ်အိမ်မှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
အဘောင်သားကျေးရွာအနီးတွင် မေလ ၂၆ ရက်နေ့က ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြားတိုက်ပွားဖြစ်ပွားမှုများ ရှိခဲ့သည်ဟု ရက္ခိုင့်တပ် AA ကပြောသည်။
ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ကလည်း ပလက်ဝမြို့နယ် သံထောင်ကျေးရွာအနီးမှာတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ရိက္ခာလာပို့သည့် ရဟတ်ယာဉ်ကို AA ဖက်က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုများရှိကြောင်း ဒေသခံများကပြောသည်။
https://www.facebook.com/westernnewsagency/posts/533417101798132