ပလက်ဝတွင် ဓာတ်ဆီတစ်လီတာကို ငွေကျပ် ၃၅၀၀ အထိ ဈေးနှုန်းမြင့်တက်၊ တခြားကုန်ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်နေ

By Development Media Group (DMG)/ 2022 May 19

သယ်ယူပို့ဆောင်ရေးကန့်သတ်ခံထားရသည့် ပလက်ဝမြို့နယ်တွင် ကုန်ပစ္စည်းဈေးနှုန်းများ အဆမတန် မြင့်တက်လျက်ရှိပြီး ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် ၃၅၀၀ အထိမြင့်တက်နေသည်ဟု ပလက်ဝဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ၏အစီအစဉ်ဖြင့်ပြေးဆွဲနေသည့် ကျောက်တော်-ပလက်ဝမြို့ရေယာဉ်ပေါ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ ဆန်၊ ဆီ၊ ဘိလပ်မြေ၊ သံထည်ပစ္စည်းများကို တင်ဆောင်ခြင်း ကန့်သတ်ထားသောကြောင့် ထိုသို့ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်နေခြင်းဟု ဒေသခံများကဆိုသည်။

“သူတို့ကန့်သတ်ထားတာတွေတော့ လောင်စာဆီ၊ သံထည်ပစ္စည်းတွေ၊ ဘိလပ်မြေ၊ ဆန်မတင်ရဆိုပြီး သတ်မှတ်ချက်ထားပါတယ်။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်လည်းမသိပါ။ သူတို့လည်းမပြောပါ။   ကိုယ်တို့ဟာကိုယ်တို့ တစ်ပိုင်တစ်နိုင်ရှာကြံပြီး စားသောက်နေကြရတာပါပဲ”ဟု ပလက်ဝမြို့မှ ဈေးဆိုင်ရောင်းချနေသူတစ်ဦးက ပြောသည်။

ပလက်ဝမြို့နယ်တွင် ဧပြီလမှစတင်ကာ ကုန်ပစ္စည်းဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ပြီး ယခုအခါ ကုန်ပစ္စည်းဈေးနှုန်းတို့မှာ တစ်ဟုန်ထိုးမြင့်တက်နေသည်ဟု ဒေသခံများကဆိုသည်။

ပြီးခဲ့သည့်မတ်လအတွင်းက ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ငွေကျပ်ငါးသောင်းခွဲရှိခဲ့ရာမှ ယခုအခါ ခြောက်သောင်းခွဲအထိမြင့်တက်သွားကာ ဆန်ကြမ်းတစ်အိတ်လျှင် ယခင်ငွေကျပ်သုံးသောင်းကျပ်ရှိခဲ့ရာမှ ယခုအခါ ငွေကျပ်သုံးသောင်းခွဲအထိ မြင့်တက်နေကြောင်း သိရသည်။

ထို့ပြင် စားဆီသန့်တစ်လီတာလျှင် ယခင်က ၃၀၀၀ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ ယခုအခါ ၅၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်ကြားအထိမြင့်တက်နေပြီး တခြားလူသုံးကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းမြင့်တက်နေသည်ဟု ဒေသခံများထံမှ သိရသည်။

“ကုန်ဈေးနှုန်းလျော့ပေါ့ဖို့ထက် လမ်းကြောင်းကိုဖွင့်ပေးရင် ကုန်ဈေးနှုန်းလျှော့နည်းလာမယ်။ လမ်းကြောင်းကို ပိတ်ထားလို့ ကုန်ဈေးနှုန်းတက်နေတာ။ ကုန်ဈေးနှုန်းတက်နေရင်တောင်မှ ကိုယ်တို့လုပ်လို့၊ သွားလာလို့ လွယ်လင့်တကူရမယ်ဆိုရင် ကုန်ဈေးနှုန်းတွေ ဆင်းလာနိုင်တယ်လေ”ဟု ပလက်ဝမြို့မှ နောက်ထံဒေသခံတစ်ဦးကဆိုသည်။

ပလက်ဝသည် ရခိုင်ပြည်နယ်နှင့်ထိစပ်နေသော မြို့နယ်တစ်ခုဖြစ်ပြီး ကုန်ပစ္စည်းများဝယ်ယူနိုင်ရေးအတွက် ကျောက်တော်မြို့ကို အဓိကအားကိုးနေရသည်။ ထို့ကြောင့် ကုန်ဈေးနှုန်းများ ကျဆင်းလာစေရန်အတွက် ကုန်ပစ္စည်းများကို ကန့်သတ်ခြင်းမရှိဘဲသယ်ယူခွင့်ရရှိရေးမှာ အရေးကြီးကြောင်းလည်း ပလက်ဝဒေသခံများက ပြောဆိုကြသည်။

https://www.facebook.com/dmgnewsagency/posts/2297067727112292

Leave a Reply

Your email address will not be published.