By Voice Of Westland (VOW)/ 2022 May 19
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ပညာဆက်လက်သင်ကြားဖို့ ငွေကြေးအခက်အခဲရှိနေတဲ့ ရခိုင်လူမျိုး ကျောင်းသားလူငယ်တွေအတွက် ရခိုင်သဟာယအသင်း(ရန်ကုန်)က တက္ကသိုလ်ပညာသင်ဆု လျှောက်လွှာခေါ်ယူနေပြီလို့ အသင်းတာဝန်ရှိသူ
တွေက ပြောပါတယ်။
ရခိုင်ဒေသတစ်ခုလုံးအပါအဝင် မြန်မာနိုင်ငံဒေသအသီးသီးမှာ ရှိတဲ့ ပညာသင်ကြားရေးအခက်အခဲရှိနေတဲ့ ရခိုင်လူငယ်တွေကို အဓိကထားခေါ်ယူနေတာဖြစ်တယ်လို့ ရခိုင်သဟာယအသင်း(ရန်ကုန်)ရဲ့ ကော်မတီအဖွဲ့ဝင် ဦးအေးဇော်က VOW ကို ပြောပါတယ်။
“ကန့်သတ်ချက်ကတော့ ရခိုင်မျိုးနွယ်ဖြစ်ရပါမယ် ။အနည်းဆုံး အဘိုးအဘွားရခိုင်ဖြစ်ရပါမယ်။ လျှောက်လွှာခေါ်ယူတဲ့ လူဦးရေအကန့်အသတ်မထားပါဘူး။ အင်တာဗျူးဖြေရမှာ ဖြစ်ပြီး တကယ်ပေးသင့်ပေးထိုက်တဲ့ ကလေးတွေကို ပေးသွားမှာပါ” လို့ သူက ပြောပါတယ်။
ရခိုင်ဒေသကပညာသင်ဆုလျှောက်မယ့် ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုဝင်တွေလူငယ်တွေအနေနဲ့ ၁၇ မြို့နယ်မှာရှိတဲ့ ရခိုင်သဟာယအသင်းကိုယ်စားလှယ်တွေရဲ့ ထောက်ခံချက်နဲ့တဆင့်လျှောက်လွှာ တင်ရမှာဖြစ်တယ်လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံဒေသအသီးမှာ ရောက်ရှိနေတဲ့ ပညာသင်ဆု လျှောက်ထားချင်တဲ့သူတွေကတော့ ရခိုင်သဟာယအသင်း- ရန်ကုန်ကို ဖုန်းနဲ့တဆင့်ချိတ်ဆက်ပြီး လျှောက်လွှာတင်သွင်းရမှာဖြစ်ပါတယ်။
အခုပညာသင်ဆုလျှောက်လွှာကို မေလ ပထမပတ်မှာ စတင်ခေါ်ယူခဲ့ပြီး လျှောက်လွှာပိတ်ရက်ကို မေလ၂၅ ရက်နေ့ကို သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ရခိုင်သဟာယအသင်းကို ၁၉၆၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ရခိုင်လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်း၊ ရခိုင်စာပေနဲ့ ယဉ်ကျေးမှု၊ ရခိုင်ပညာရေးအတွက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်အဆင့်ထိပညာရေးထောက်ပံ့ကူညီမှုတွေ အစဉ်တစိုက်လုပ်ဆောင်နေတဲ့ အသင်းပဲဖြစ်ပါတယ်။
ရခိုင်သဟာယအသင်းဟာ အခုလို တက္ကသိုလ်ပညာသင်ဆုကို ၂၀၀၈ ခုနှစ်က စတင်ခေါ်ယူခဲ့ပြီး လက်ရှိအချိန်ထိခေါ်ယူခဲ့တဲ့ ကျောင်းသား ၈၀၀ ဝန်းကျင်ရှိပြီး ကျောင်းသား ၆၀၀ လောက်မှာ သက်ဆိုင်ရာတက္ကသိုလ်အသီးသီးက ဘွဲ့တွေရရှိခဲ့ပြီ
ဖြစ်တယ်လို့ ရခိုင်သဟာယအသင်း-ရန်ကုန်ရဲ့ ကော်မတီအဖွဲ့ဝင် ဦးအေးဇော်က VOW ကိုပြောပါတယ်။
ရခိုင်သဟာယအသင်းသို့ တက္ကသိုလ်ပညာသင်ဆုလျှောက်ထားနိုင်သည့် ဖုန်းနံပါတ်ရုံး – ၀၉၄၅၂၅၅၅၅၃၅