နေရပ်ပြန် စစ်ဘေးရှောင်များ လယ်လုပ်ရန် ဘက်ပေါင်းစုံမှ လိုအပ်ချက်များရှိနေ

By Western News/ 2022 May 25

ရခိုင်ပြည်နယ်မှ နေရပ်ပြန် စစ်ဘေးရှောင်များ လယ်ယာလုပ်ငန်းများ လုပ်ကိုင်ရန် ဘက်ပေါင်းစုံမှ လိုအပ်ချက်များ ရှိနေသည်ဟု ကာယကံရှင်လယ်သမားများက ပြောဆိုကြသည်။

စက်သုံးဆီအသုံးစရိတ်များ ဈေးမြင့်မားမှု၊ မြေသြဇာစရိတ်များ မြင့်မားမှု၊ လယ်ယာလုပ်ငန်းများ လုပ်ကိုင်ရန် ယခင်က ကဲ့သို့ ကျွဲ၊ နွားများလည်း မရှိတော့သည့်အတွက် ဘက်ပေါင်းစုံမှ စိန်ခေါ်မှုများ၊ လိုအပ်ချက်များ ရှိနေသည်ဟု မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ဦးရွှေသာက ပြောသည်။

“ကျနော်တို့က အခက်အခဲအများကြီးနဲ့ ရင်ဆိုင်နေရတယ်။ ဆီဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် အရမ်းအခက်ကြုံနေရတယ်။ အရင် ကျနော်တို့ ရွာအနားမှာ တိုက်ပွဲမဖြစ်ခင်တုန်းကလို ရွာသားတွေမှာ ဝမ်းစာလည်း မရှိကြဘူး။ လယ်ထွန်ဖို့အတွက် အသုံးစရိတ်တွေ မရှိဘူးဖြစ်နေတယ်။ ဆီဈေးနှုန်းတွေကလည်း အလွန်တရာမြင့်မားနေတဲ့အတွက် အရင်နှစ်တွေနဲ့စာရင် ကျနော်တို့ လယ်တဝက်ကျလောက်ပဲ လုပ်နိုင်တော့မယ်”  ဟုပြောသည်။

တချို့သော နေရပ်ပြန်စစ်ဘေးရှောင်များအနေဖြင့် လယ်လုပ်ရန် အသုံးစရိတ်များ မြင့်မားသည့်အတွက် လယ်ယာလုပ်ငန်းများအား ဆက်လက်လုပ်ကိုင်ရန် လုံးဝ အဆင်မပြေသူများလည်း ရှိသည်ဟု သူကဆက်ပြောသည်။

၎င်းအပြင် ကျေးရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့မှုများကြောင့် မိုင်းဘေးအန္တရာယ်များမှာလည်း နေရပ်ပြန်စစ်ဘေးရှောင်များအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေသည်ဟု သူက ရှင်းပြသည်။

မြေသြဇာစရိတ်နှင့် စက်သုံးဆီစျေးနှုန်းများ ကြီးမားနေမှုကြောင့် ယခုနှစ်တွင် နေရပ်ပြန်စစ်ဘေးရှောင်များသာမက ရခိုင်တစ်ပြည်နယ်လုံးရှိ လယ်သမားများမှာ အခက်အခဲဖြစ်နေသည်ဟု ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံက ပြောသည်။

“ဓာတ်မြေသြဇာ စျေးကြီးတယ်။ ဆီစျေးကြီးတယ်။ တခြား တခြားသော သွင်းအားစုတွေလည်း စျေးကြီးတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီနှစ်မှာ လယ်လုပ်ဖို့ လယ်သမားတွေ အတွက် အခက်အခဲရှိတယ်” ဟု ပြောသည်။

အဆိုပါ အခက်အခဲများအား ရခိုင်ပြည်တောင်သူလယ်သမားသမဂ္ဂအနေဖြင့် အကြံဉာဏ်ပေးရုံကလွှဲပြီး ဖြေရှင်းမပေးနိုင်သည့်အတွက် အစိုးရအနေဖြင့် စနစ်တကျ ဖြေရှင်းပေးရန် လိုအပ်သည်ဟု သူက ထောက်ပြသည်။

ရခိုင်ပြည်နယ်တောင်သူလယ်သမားသမဂ္ဂအနေဖြင့် ဓာတ်မြေသြဇာအစား သဘာဝမြေသြဇာကိုလည်း အစားထိုးနိုင်ရန် ကြိုးစားနေသည်ဟု သူကဆက်ပြောသည်။

၄င်းအခက်အခဲများကြောင့် ယခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း လယ်ယာထွန်ယက်စိုက်ပျိုးမည့် မြေဧက အတိုင်းအတာတစ်ခုထိ လျော့ကျသွားနိုင်သည်ဟု သူက မှတ်ချက်ပြုသည်။

https://www.facebook.com/westernnewsagency/posts/529746272165215

Leave a Reply

Your email address will not be published.