By Western News/ 2022 May 26

အမ်းမြို့နယ် ၊ဒါးလက်အုပ်စုတွင် ဆန်ရိက္ခာများကို အကန့်အသတ်ဖြင့် ပြန်လည်သယ်ယူခွင့်ရပြီဖြစ်ကြောင်း အုပ်စုအုပ်ချုပ်ရေးမှူးက Western News ကိုအတည်ပြုပြောသည်။
ဆန်ရိက္ခာသယ်ယူခွင့်ကို လွန်ခဲ့သည့် မေလ ၂၀ရက်နေ့ခန့်ကတည်းက လူတစ်ဦးလျှင် ၂တောင်းဆန့် ဆန်အိတ် ၂၀စီသယ်ခွင့်ရရှိနေပြီဟု ဒါးလက်အုပ်စုအုပ်ချုပ်ရေးမှူးဦးမောင်စံသိန်းကပြောသည်။
“ဆန်သယ်ယူခွင့်ရနေပါပြီ။ ၅ရက်လောက်ရှိနေပြီခဗျာ။ လူတစ်ဦးဆိုရင် တစ်နေ့ ၂တောင်းဆန့် ဆန်အိတ် ၂၀စီသယ်လို့ရနေပါပြီ။အဲ့တာထက်တော့ ပိုသယ်လို့မရဘူးပေါ့။ ကဇုကိုင်းနားက စစ်တပ်က တပ်မမှူးက အခက်အခဲရှိရင်လည်း ပြောနိုင်တယ်လို့ပြောပါတယ်” ဟုပြောသည်။
အမ်းမြို့နယ် ဒါးလက်အုပ်စုကို မေလ ပထမအပတ်မှစကာ စစ်တပ်က ဆန်သယ်ယူခွင့်ပိတ်လိုက်သည့်အတွက်အဆိုပါ အုပ်စုမှ ကျေးရွာများတွင် ဆန်ဈေးနှုန်းများအဆမတန်မြင့်တက်ခဲ့သည်။
ယင်းအပြင် ဒါးလက်တွင်နေထိုင်ကြသူ အများစုမှာ သစ်ဝါးခုတ်ကာ လုပ်ကိုင်စားသောက်နေကြသူများဖြစ်သည့်အတွက် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်ခဲ့၍ စားသောက်ရေးအခက်ကြုံခဲ့ကြရသည်။
လက်ရှိတွင် ကျေးရွာကို ဆန်သယ်ယူခွင့်ပြန်ရပြီဖြစ်သည့်အတွက် စားနပ်ရိက္ခာအဆင်ပြေသွားပြီဟု ဒါးလက်မြောက်ဘက်ကျေးရွာမှ ကိုလင်းလင်းအောင်ကပြောသည်။
“ဆန်သယ်ခွင့်ရတာဟုတ်ပါတယ်ခင်ဗျာ။ သတင်းတွေတက်ပြီး လို့ ၂ရက်လောက်ဆို ပြန်သယ်ခွင့်ရပါတယ်။ စားသောက်ရေးတွေလည်း အဆင်ပြေသွားကြပါတယ်” ဟုဆိုသည်။
ဒါးလက်အုပ်စုသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားချိန်ကတည်းက ကုန်းလမ်း၊ရေလမ်း ၂ခုလုံးကို စစ်တပ်က နေရာယူထားသည့်အတွက် စားနပ်ရိက္ခာများကို အကန့်အသတ်ဖြင့်သာသယ်ဆောင်ခွင့်ရရှိခဲ့သည်။
စစ်ကောင်စီတပ်က လက်ရှိအချိန်ထိ ကုန်းလမ်း၊ရေလမ်းတို့တွင် နေရာယူထားဆဲဖြစ်သည့်အတွက် မကြာခဏဆိုသလို ဆန်ရိက္ခာအပြင် တခြားစားကုန်များကို သယ်ယူခွင့်ပိတ်ပင်ခံနေရဆဲဖြစ်သည်။
ဒါးလက်ချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ (၄၈) ရွာရှိပြီး ချင်းလူမျိုးများအများဆုံးနေထိုင်ပြီး ရခိုင်လူမျိုးအနည်းစု နေထိုင်ကာ လူဦးရေ အားဖြင့် ၁၂၀၀၀ ခန့်ရှိသည်။
https://www.facebook.com/westernnewsagency/posts/530458788760630