ထောင် ၃ နှစ်ချမှတ်ခံထားရသည့် ပလက်ဝမှ ကိုတင်ထွန်းအောင်၏အယူခံကို ခရိုင်တရားရုံးကလက်ခံသဖြင့် ထောင်ဒဏ်လျှော့ပေါ့ပေးမည်ကို မိသားစုများမျှော်လင့်

By Narinjara / 2022 May 14

ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ထောင် ၃ နှစ်ချမှတ်ခံထားရသူ ကိုတင်ထွန်းအောင်၏ အယူခံကို ယမန်နေ့ မေလ ၁၃ ရက်တွင် မတူပီခရိုင်တရားရုံးက လက်ခံခဲ့သဖြင့် ထောင်ဒဏ်လျှောပေါ့ပေးမည်ကို မိသားစုများက မျှော်လင့်နေကြောင်းပြောသည်။

ကိုတင်ထွန်းအောင်၏အစ်ကိုဖြစ်သူ ကိုမင်းအောင်က “ဒီအမှုက ကျသင့်တဲ့အမှုထက်ပိုနေတယ်လေ။ တရားခွင်မှာ စစ်ခဲ့တုန်းကလည်း ကျနော့်ညီက ဒီလိုမျိုးဖြေလိုက်လို့ တပ်မတော်အကြည်ညိုပျက်စေမှုဖြစ်စေတယ်ဆိုတာ သူလုံးဝမသိဘူးလို့ဖြေခဲ့တယ်။ အင်တာဗျူးလာမေးလို့ဖြေခဲ့တာပဲရှိတယ်။ သူကိုယ်တိုင်တင်လိုက်တာမဟုတ်ဘူးလေ။ သူ့ကိုထောင်ဒဏ်နှစ်နှစ်လောက်​ လျှော့ပေါ့ပေးဖို့လို့တော့ မျှော်လင့်တယ်” ဟုပြောသည်။

ကိုတင်ထွန်းအောင်၏အယူခံကို မတူပီခရိုင်တရားရုံးက လက်ခံခဲ့ပြီးနောက် လာမည့်မေလ ၂၇ ရက်တွင် တရားလိုဘက်အား တရားရုံးက ပြန်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုတင်ထွန်းအောင်သည် ပြီးခဲ့သည့် ဧပြီလ ၅ ရက်နံနက်တွင် ပလက်ဝမြို့နယ်တရားရုံး၏ ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး ချုပ်ရက်ကို ပေါင်း၍ခံစားခွင့်ရရှိကြောင်း သိရသည်။

လက်ရှိတွင် ကိုတင်ထွန်းအောင်အား စစ်တွေအကျဉ်းထောင်၌ ထိန်းသိမ်းထားပြီး ထောင်အတွင်းကိုဗစ်စည်းကမ်းများကြောင့် ထောင်ဝင်စာတွေ့ခွင့်မရကြောင်း မိသားစုဝင်များက ပြောသည်။

ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ကိုတင်ထွန်းအောင်(၃၆)နှစ်သည် ပလက်ဝမြို့နယ် ရုပ်ဝအခြေခံပညာစာသင်ကျောင်းမှ အထွေထွေဝန်ထမ်းကိုတင်ဦးနှင့်အတူ ပလက်ဝအခြေစိုက် ခမရ ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား သတင်းဌာနတစ်ခုသို့ အင်တာဗျူးဖြေကြားခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရဲနှင့်စစ်တပ်၏ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်ဟု သိရသည်။

နောက်တစ်နေ့ညနေပိုင်းတွင် ကိုတင်ဦးသည် ပလက်ဝမြို့မရဲစခန်းမှ ခံဝန်ဖြင့်လွတ်မြောက်ခဲ့သော်လည်း ကိုတင်ထွန်းအောင်သည် ပလက်ဝမြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၅(က)ဖြင့် စစ်တပ်၏ တရားစွဲဆိုခြင်းကိုခံခဲ့ရပြီး ထောင်ချခံလိုက်ရခြင်းဖြစ်သည်။

https://www.facebook.com/narinjara.info/posts/5460221807323185

Leave a Reply

Your email address will not be published.