တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာတွင် စစ်တပ်က တပ်စွဲနေ၊ ညမထွက်ရအမိန့် ထုတ်ပြန်ထား

By Western News/ 2022 May 21

တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာတွင် မေလ ၁၉ ရက်နေ့ ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ ကျော်လောက်ရောက်ရှိနေပြီး ကျေးရွာတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်ဟု ကျေးရွာသားများက ပြောသည်။

မေလ ၁၉ ရက်နေ့ကတည်းက စစ်ကား ၄ စီးဖြင့် စစ်ကောင်စီစစ်သား ၇၀ ကျော်လောက်ရောက်ရှိလာပြီး ကျေးရွာအတွင်း ကင်းလှည့်လည်နေမှုများရှိကာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကိုလည်း ထုတ်ပြန်ထားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက Western News ကိုပြောသည်။

“စစ်သားတွေ ရောက်နေတာက မေလ ၁၉ ရက်ကတည်းက ရွာကိုရောက်နေကြတာ။ ဒီနေ့ဆိုရင် ၃ ရက်လောက်ရှိပြီ။ ရွာထဲမှာ နေ့ရော့ညပါ ကင်းလှည့်နေကြတာတွေရှိတယ်။ လူတွေကို စစ်ဆေးနေကြတာတော့ မရှိဘူး။ စစ်သားတွေက ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲပြီးနေကြတယ်။ ရွာထဲမှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတယ်။ ည ၁၀ နာရီကနေ နံနက် ၄ နာရီအထိ မထွက်ရဘူးလို့ ထုတ်ပြန်ထားတယ်” ဟုပြောသည်။

အဆိုပါ ကင်းတောင်ကျေးရွာတွင် အိမ်ခြေ ၁၀၀၀ နီးပါးခန့်ရှိပြီး ၎င်းကျေးရွာမှာ တောင်ကုတ်မြို့နှင့် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် စံပြကျေးရွာလည်းဖြစ်သည်။

ယခုကဲ့သို့ ကင်းတောင်ကျေးရွာသို့ ရောက်ရှိနေသည့် စစ်တပ်မှာ တောင်ကုတ်မြို့နယ် တန်းလွှဲရွာမမြို့က ထွက်ခွါသွားခဲ့သည့် တောင်ကုတ်မြို့မှ  ၅၄၄ တပ်ရင်းက စစ်ကောင်စီ စစ်သားများဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ စစ်တပ်သည် တန်းလွှဲရွာမမြို့တွင်လည်း မေလ ၁၆ ရက်နေ့ကနေ မေလ ၁၉ ရက်နေ့အထိ ၄ ရက်ကြာအထိ ULA တာဝန်ခံများကို လိုက်လံရှာဖွေမှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

အလားတူ တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာတွင်လည်း မေလ ၇ ရက်နေ့ကလည်း ULA တာဝန်ခံများအား လိုက်လံရှာဖွေမှုများ ရှိခဲ့သည်ဟု ကျေးရွာသားများကပြောသည်။

ယခုကဲ့သို့ မြန်မာ စစ်တပ်ဖက်က ဒေသခံများကို လိုက်လံရှာဖွေ ဖမ်းဆီးနေမှုအပေါ်  “တစ်ဖက်မှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်နေပြီး အခြားတစ်ဖက်တွင် မြန်မာစစ်တပ်က စစ်အင်အားများ တိုးချဲ့နေခြင်းသည် အပြောနှင့် အလုပ်တစ်ခြားစီဖြစ်နေကြောင်း” ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မေလ ၁၇ ရက်နေ့က Western News သို့ပြောဆိုထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီအကြား စစ်ရေးတင်းမာမှုများရှိနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွါးလာနိုင်သည်ဟု ရက္ခိုင့်တပ်တော်က မေလ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်။

https://www.facebook.com/westernnewsagency/posts/526985089108000

Leave a Reply

Your email address will not be published.