တောင်ကုတ်တွင် တုတ်တုတ်(ခေါ်)အိန္ဒိယသုံးဘီးများ မောင်းနှင်ခွင့်ကန့်သတ်ခံနေရ

By Narinjara / 2022 May 20

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် တုတ်တုတ်(ခေါ်) အိန္ဒိယသုံးဘီးမောင်းနှင်ခွင့် ကန့်သတ်ခံနေရသည့်အတွက် မောင်းနှင်သူများနှင့် စီးနင်းသူများပါ အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

အိန္ဒိယသုံးဘီးမောင်းနှင်သူများမှာ တောင်ကုတ် တက္ကသိုလ်ကျောင်း၊ ကားဂိတ်နှင့် သင်္ဘောဆိပ်နေရာများတွင် ပြီးခဲ့သည့်အပတ်မှစတင်ကာ မောင်းနှင်ခွင့်ကန့်သတ်ခံထားရခြင်းဖြစ်သည်ဟု တောင်ကုတ်အိန္ဒိယသုံးဘီးအသင်း အတွင်းရေးမှူး ကိုမောင်မောင်ဝင်းက ပြောသည်။

“မြို့နယ်တွင်းမှာ တက္ကသိုလ် မသွားရ၊ ကားဂိတ်မသွားရ၊ သင်္ဘောဆိပ်မသွားရနဲ့ ကန့်သတ်ထားတော့ ကျနော်တို့က ဘယ်နေရာမှာ သွားပြီးလုပ်စားရမလဲ။ ပြီးတော့ လိုင်စင်မရှိတဲ့ သုံးဘီးတွေကိုကျတော့ နေရာတိုင်းပြေးဆွဲခွင့်ပေးထားတယ်။ ဒါဟာ မျှတတဲ့ဟာမဟုတ်ဘူး။ ဘယ်မြို့နယ်မှာမှ မကြားဖူးတဲ့စည်းကမ်းထုတ်ထားတယ်”ဟု ပြောသည်။

တောင်ကုတ်မြို့တွင် အိန္ဒိယသုံးဘီးမောင်းနှင်သူ ၁၂ဝ ခန့်ရှိပြီး ပြေးဆွဲခွင့်ကန့်သတ်ခံထားရသည့်အတွက် မိသားစုစားဝတ်နေရေးအဆင်မပြေမှုများဖြစ်လာသဖြင့် ဌာနဆိုင်ရာများထံ တိုင်ကြားထားသော်လည်း တာဝန်ယူ ဖြေချင်းပေးခြင်းမရှိဟု ကိုမောင်မောင်ဝင်းက ဆက်ပြောသည်။

“မထသ ရယ်၊ မြို့နယ်က တာဝန်ရှိသူတွေရယ်၊ ပြည်နယ်အစိုးရက တာဝန်ရှိသူတွေရယ်၊ အမြန်ဆုံးကူညီပြီး အဖြေရှာပေးကြစေချင်တယ်”ဟု ပြောသည်။

အဆိုပါတုတ်တုတ်(ခေါ်) အိန္ဒိယသုံးဘီးများကို သင်္ဘောဆိပ်၊ ရွှေပြည်တန်၊ ရွှေလင်းယုန် ရေယာဉ်ဆိပ်နှင့် ကားကြီးဝင်းသို့ ခရီးသည်များ လာရောက်ပို့ဆောင်ခြင်းအား ခွင့်ပြုပြီး အပြန်တွင် ခရီးသည်ပြန်လည်တင်ဆောင်ခွင့်မပြုဟု မြို့နယ်ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ မေလ ၁၂ ရက်တွင် ပေးပို့သည့်စာ၌ ထည့်သွင်းဖော်ပြထားသည်။

ယင်းအပြင် တက္ကသိုလ်ဖွင့်ပါက ကျောင်းချိန် နံနက် ၇ နာရီမှ ညနေ ၃ နာရီခွဲအတွင်း ခရီးသည်ပို့ဆောင်ခြင်း၊ သယ်ယူခြင်းတို့အား ခွင့်မပြုဘဲ ကျန်မည်သည့်နေရာတွင်မဆို ခရီးသည်ပို့ဆောင်ခြင်းနှင့် သယ်ယူခြင်းများအား ခွင့်ပြုသည်ဟု စာတွင် ဆက်လက်ရေးသားထားသည်။

တောင်ကုတ်တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများသည် ခွင့်ပြုထားသည့်သုံးဘီးများကိုစီးပါကလည်း လူပြည့်မှထွက်ခွာသည့်အတွက် အတန်းချိန်နှင့် အိမ်ပြန်ချိန်တို့ပါ နောက်ကျနေရသည်ဟု သိရသည်။

နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးက “ကျွန်မတို့မှာရွေးပိုင်ခွင့်မရှိသလိုဖြစ်နေရတယ်။ ကိုယ်က တုတ်တုတ်စီးချင်တယ်။ တုတ်တုတ်က မလိုက်ရဲဘူး။ သုံးဘီးစီးရတာလည်း အဆင်မပြေဘူး။ သူက လူပြည့်မှထွက်တာ။ ၂ ယောက်လောက်နဲ့ဆို မထွက်ဘူး။ အိမ်ပြန်နောက်ကျ၊ အတန်းချိန်နောက်ကျတယ်”ဟု နိရဥ္စရာသို့ပြောသည်။

အိန္ဒိယသုံးဘီးမောင်းနှင်နေသူ ဦးထွန်းလင်းဦးကလည်း “မေလ ၁၈ ရက်နေ့က ကျွန်တော့်ကို တက္ကသိုလ် ကျောင်းသူ‌လေးယောက်က ငှားလို့လိုက်ပို့ပါတယ်။ အဲဒီမှာ ကော်မတီကလူတွေက ကျွန်တော့်ကို တားပါတယ်။ တားပြီးတော့ မော်တော်ပီကေရုံးကို ရောက်သွားပါတယ်။ ရုံးကတော့ ကျွန်တော့်ကို ပြန်လွှတ်ပေးလိုက်ပါတယ်”ဟု ပြောသည်။

တောင်ကုတ်မြို့တွင် အိန္ဒိယသုံးဘီးမဟုတ်ဘဲ အခြားသုံးဘီးယာဉ်များသည် မထသအဖွဲ့သို့ ဝင်ထားပြီး လစဉ်ကြေးပေးသွင်းနေရကြောင်းလည်း သိရသည်။

အိန္ဒိယသုံးဘီးများအနေဖြင့်လည်း ယခင်ကလို ပုံမှန်အတိုင်း လွတ်လပ်စွာပြေးဆွဲမည်ဆိုလျှင် မထသထံ ပိုက်ဆံ ၁ သိန်းခွဲပေးပြီးအဖွဲ့ဝင်မှပြေးဆွဲခွင့်ရမည်ဟု ပြောဆိုကြောင်း တုတ်တုတ်မောင်းနှင်သူများက ပြောသည်။

တုတ်တုတ်မောင်းနှင်သူတစ်ဦးက “ကျွန်နော် ဟိုတစ်ရက်က တက္ကသိုလ်ကျောင်းသူ ၂ ယောက်ကို လိုက်ပို့တာ သုံးဘီးသမားတွေထွက်လာပြီး ရန်လိုတဲ့အပြုအမူတွေနဲ့ လုပ်ကြတယ်။ နောက် ရဲစခန်းအထိရောက်သွားတယ်။ ရဲစခန်းမှာ ရောက်ပြီး ခဏနေတော့ပြန်လွှတ်လိုက်တယ်။ ကျန်တာတော့ ပြောမရလို့မပြောချင်ဘူး”ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တောင်ကုတ်မြို့နယ် မထသ ဥက္ကဋ္ဌ ဦးမြင့်ဌေးအားဆက်သွယ်မေးမြန်းရာတွင် သူ့အနေဖြင့် ရန်ကုန်သို့ရောက်ရှိနေခြင်းကြောင့် နောက်ရက်မှပြန်ဆက်သွယ်ရန်ပြန်လည်ဖြေကြားခဲ့သည်။

https://www.facebook.com/narinjara.info/posts/5477643742247658

Leave a Reply

Your email address will not be published.