တောင်ကုတ်တွင် ကပြသည့် ဇာတ်သဘင် ရဲတပ်ဖွဲ့ဝင်များ၏တားမြစ်ခံရမှုကြောင့် ဖျက်သိမ်းလိုက်ရ

By Narinjara / 2022 May 04

သဉ္ဇာနွယ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာမှ ဗုဒ္ဓပူဇနိယပွဲတော်တွင် ကပြသည့် ရတနာဦးဇာတ်သဘင်အား ရဲတပ်ဖွဲ့ဝင်များ၏ တားမြစ်မှုကြောင့် ဖျက်သိမ်းလိုက်ရသည်ဟု သိရသည်။

အဆိုပါဇာတ်သည် တောင်ကုတ်မြို့နယ်၊ ခရိုင်ရွာတွင် မေလ ၂ ရက်နေ့မှစတင်ကာကျင်းပနေသော ဓာတ်တော်ကျောင်းထီးတော်တင်ပွဲ၌ မေလ ၂ ရက်နှင့် ၃ ရက် ညတို့တွင် ၂ ညတိုင်တိုင် ကပြဖြေဖျော်ရမည်ဖြစ်သော်လည်း ပထမတစ်ညကအပြီး၌ ရဲတပ်ဖွဲ့ဝင်များက လာရောက်ကာ ယခုကဲ့သို့ တားမြစ်ခဲ့မှုကြောင့် ဒုတိယညတွင် ကပြနိုင်ခြင်းမရှိခဲ့ဟု ဒေသခံများက ပြောသည်။

“ရွာသားတစ်ဦးအနေနဲ့တော့ ဘုရားပြဲမွာ ဒီလိုလုပ်တာစိတ်မကောင်းဘူးပေါ့နော်။ ဇာတ္က တစ်ရက်ပဲ ကလိုက်ရတယ်။ နောက်တစ်ရက်ကျတော့ မကလိုက်ရဘူး။ ရဲတွေက သူတို့ခွင့်ပြုချက်မရဘဲ မကရဘူးဆိုတော့။ ကိုယ့်ပြည်နယ်မှာတောင် ဒီလိုအာဏာတွေနဲ့နေရတာတော့ စိတ်မကောင်းဘူး” ဟု အမည်မဖော်လိုသည့် ခရိုင်ရွာသူတစ်ဦးက ပြောသည်။

ဗုဒ္ဓပူဇနိယပွဲကို တာဝန်ယူကျင်းပခဲ့သည့် ဓာတ်တော်ကျောင်းတိုက်ဆရာတော်နှင့် ခရိုင်ရွာအုပ်ချုပ်ရေးမှူးတို့ကိုလည်း ယမန်နေ့ မေလ ၃ ရက်တွင် ရဲများကခေါ်ယူပြီး တောင်ကုတ်မြို့မရဲစခန်း၌ ခံဝန်လက်မှတ်ထိုးခိုင်း၍ ထိုးခဲ့ရသည်ဟု အမည်မဖော်လိုသည့် ခရိုင်ရွာသားတစ်ဦးက ပြောသည်။

“ဆရာတော်ဘုရားနဲ့ အုပ်ချုပ်ရေးမှူးကို ရဲကားနဲ့ခေါ်သွားတယ်။ ရဲစခန်းမှာ အုပ်ချုပ်ရေးမှူးကို သူတို့ခွင့်ပြုချက်မရဘဲ နောက်တစ်ခါပွဲမလုပ်တော့ပါဘူးလို့ လက်မှတ်ထိုးခိုင်းတယ်လို့ပြောတယ်။ ဆရာတော်ကိုတော့ သံဃာတော်မို့လို့ လက်မှတ်တော့ မထိုးခိုင်းဘူး”ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တောက်ကုတ်မြို့မရဲစခန်းမှ တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက ဇာတ်ပွဲများကပြမည်ဆိုပါက ပါမစ်ခွင့်ပြုချက်ယူရပြီး ပါမစ်မရှိဘဲပြုလုပ်ပါက ဖျက်သိမ်းခံနိုင်ရသည်ဟု နိရဉ္စရာကို ပြောသည်။

“ဇာတ်ပွဲတွေကမယ်ဆိုရင် ပါမစ် ခွင့်ပြုချက်ယူမှ ကပြခွင့်ရမှာလေ”ဟု ပြောသည်။

ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း စိန်ရွှေရတနာဇာတ်သဘင်သည် စစ်တွေမြို့ တန်ဆောင်တိုင်ပွဲတော်အတွင်းကပြရန် ဇာတ်စင်ဆောက်လုပ်ထားပြီးမှ ပြည်နယ်ကောင်စီက ခွင့်မပြုဟုဆိုကာ ကပြခွင့်မရခဲ့ဟု သိရသည်။

ရခိုင်ရှိမြို့နယ်အသီးသီးတွင် ကပြမည့်ဇာတ်သဘင်များအနေဖြင့် ကပြခွင့်ပါမစ်ရယူရေးအပါအဝင် ကိုဗစ်-၁၉ စည်းကမ်းချက်များအား လိုက်နာရေးဆောင်ရွက်ကြအချက်များအား ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်ကကျင်းပခဲ့သည့် ပြည်နယ်ကောင်စီညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟုလည်း သိရသည်။

https://www.facebook.com/narinjara.info/posts/5431226070222759

Leave a Reply

Your email address will not be published.