By Western News/ 2022 May 09
ပြီးခဲ့သည့် မေ ၆ ရက်၊ ၇ ရက်တို့တွင် တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်သားများ မေလ ၈ ရက်နေ့ မနက်ပိုင်း ၉ နာရီ အချိန်ခန့်က ပြန်လည် ထွက်ခွါသွားကြောင်း ကျေးရွာသားများက ပြောသည်။
အင်အား ၅၀ ဝန်းကျင်လောက်ပါဝင်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA ကျေးရွာတာဝန်ခံများကို ရှာဖွေခြင်း၊ နေအိမ်များကို တက်ရောက် မွှေနှောက်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ကျေးရွာသားများက ပြောဆိုသည်။
“သူတို့က လာကတည်းက စာရင်းအတိအကျနဲ့ လာတာပါ။ ဆားပြင်မှာက အပိုင်း ၄ ပိုင်းရှိတယ်။ သူတို့က ဘယ်အပိုင်း အိမ်နံပါတ် ဘယ်လောက်ဆိုပြီး ဝင်ရှာတာ။ ကျေးရွာက အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေကတော့ မလိုက်ကြဘူး။ အဓိက ရှာကြတာကတော့ ULA တာဝန်ခံတွေကို ရှာကြတာ သူတို့က စစ်သားတွေ လာတယ်လို့ သတင်းကြားကတည်းက ရှောင်သွားကြပြီ။ တခြားအဖမ်းအဆီးတွေတော့မရှိဘူး” ဟုပြောသည်။
ကျေးရွာအတွင်း အုပ်ချုပ်ရေးမှူးရုံးနှင့် စာကြည့်တိုက်အတွင်း စစ်ကောင်စီ တပ်သားများ ၂ ရက်ကြာနေထိုင်ခဲ့ကြပြီး အဆိုပါ စစ်သားများက မေလ ၈ ရက်နေ့ နံနက်ပိုင်း အမ်းဖက်ကို ထွက်သွားကြသည်ဟု ဒေသခံများကပြောသည်။
အထိုအပြင် မေလ ၇ ရက်နေ့ညနေပိုင်းကလည်း စစ်တပ်အပါအဝင် ရဲ၊ လဝက၊ ထွေအုပ်နှင့် မီးသတ်အင်အား ၇၀ ကျော်လောက်က စစ်တွေမြို့နယ် ကံ့ကော်ကျွန်းကျေးရွာက အိမ်တွေကို ဝင်ရောက်စစ်ဆေးမှုတွေရှိခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း စစ်တွေမြို့နယ်က မွတ်ဆလင်လူမျိုး ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးနှင့် ရခိုင်လူမျိုး အုပ်ချုပ်ရေးမှူး တစ်ဦးအပါအဝင် ရွာသား ၆ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ယူ စစ်ဆေးမှုတွေရှိခဲ့သည်။
စစ်တပ်က ကျေးရွာများအား ဝင်ရောက်စစ်ဆေးခြင်း၊ အင်အားဆိုးချဲ့ခြင်းများပြုလုပ်နေသောကြောင်း ရက္ခိုင်တပ်တော်(AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မေလ ၆ ရက်နေ့က သူ၏လူမှုကွန်ရက်စာမျက်နှာ ဖြစ်တဲ့ Twitter ကနေတစ်ဆင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ်ထင်လတ်ဦးအား သတိပေးရေးသားခဲ့သည်။
https://www.facebook.com/westernnewsagency/posts/519100599896449