(အရေးယူမှုမရှိဘဲ အမှုပပျောက်သွားမှာစိုးလို့ တိုင်ကြားတာလို့ ကာယကံရှင်ဆို)
By Boder News Agency (BNA) / 2022 May 26

စေတီတောင်ဆေးရုံက သူနာပြုဆရာမတစ်ဦးကို အုပ်စုဖွဲ့ရိုက်နှက်ခဲ့တဲ့ကိစ္စအပေါ် ထိထိရောက်ရောက် အရေးယူပေးဖို့ ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးဌာနအကြီးအကဲတွေနဲ့ သားဖွားကောင်စီတို့ကို ကာယကံရှင်ကိုယ်တိုင် တိုင်စာပေးပို့လိုက်ပါတယ်။
ဘူးသီးတောင်မြို့နယ် စေတီတောင်ဆေးရုံက ဆရာမတစ်ဦးကို အဲဒီဆေးရုံရဲ့ ဆေးရုံအုပ်ဆရာဝန်၊ သူ့ဇနီးနဲ့ သူ့တပည့်တို့က နေအိမ်အခန်းထဲထိ ဝင်ရောက်ပြီး ရိုက်နှက်ဆဲဆိုတာတွေ ပြုလုပ်ခဲ့ကြတာပါ။ အဲဒီလို အုပ်စုဖွဲ့ရိုက်နှက် ခြင်းမတိုင်မီကလည်း ဖုန်းကနေတစ်ဆင့် လိင်ပိုင်းဆိုင်ရာစော်ကားတဲ့အသုံးအနှုန်းတွေနဲ့ စာပို့တာရှိခဲ့တယ်လို့ ကာ ယကံရှင်က ပြောထားပါတယ်။
အဲဒီကိစ္စမှာ ပါဝင်ခဲ့တဲ့ ဆေးရုံအုပ် ဒေါက်တာညီညီမောင်နဲ့ ဇနီးဖြစ်သူ ဒေါ်နွယ်နွယ်ဦးတို့ကို လိုအပ်သလိုအရေးယူ ဆောင်ရွက်ပေးဖို့ဆိုပြီးတော့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီး၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ မြန်မာနိုင်ငံသူနာပြုနဲ့သားဖွားကောင်စီတို့ထံ ကာယကံရှင် သူနာပြုဆရာမက တိုင်ကြားလိုက်တာပါ။
မေလ ၂၄ ရက်၊ နေ့စွဲနဲ့ ရေးသားထားတဲ့ အဲဒီတိုင်စာတွေကို မေလ ၂၅ ရက်နေ့မှာ စာတိုက်ကနေတဆင့် ပေးပို့ လိုက်တယ်လို့ အုပ်စုဖွဲ့ရိုက်နှက်ခံခဲ့ရတဲ့ သူနာပြုဆရာမက ပြောပါတယ်။
“တိုင်စာပို့ဖြစ်တယ်ဆိုတာက ထိထိ ရောက်ရောက်အရေးယူပေးအောင်လို့ပါ။ အဲဒါကြောင့် အကုန်လုံးကို ပို့ဖြစ်တာပါ။ ဒီအမှု ပပျောက်သွားမှာကို စိုးရိမ်လို့ပါ”လို့ ၎င်းက ဆိုပါတယ်။
အဲဒီတိုင်စာတွေကို မိတ္တူအနေနဲ့ လူ့အခွင့်အရေးကော်မရှင်၊ အမျိုးသမီးအဖွဲ့ချုပ်တို့ထံကိုလည်း ပေးပို့ထားတယ် လို့ ပြောပါတယ်။
လက်ရှိမှာ အဲဒီလို အုပ်စုဖွဲ့ရိုက်နှက်ခံခဲ့ရတဲ့ကိစ္စကို သူနာပြုဆရာမကိုယ်တိုင်က ဘူးသီးတောင်မြို့နယ် ညောင်ချောင်းနယ်ခြားစောင့်ရဲစခန်းမှာ ပုဒ်မသုံးခုနဲ့ အမှုဖွင့်ထားပါတယ်။ ရဲစခန်းက တရားလိုအပါအဝင် လိုပြသက်သေ ငါးဦးကို စစ်ဆေးပြီး ကျန်တဲ့စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေ လုပ်နေပါတယ်။ ဒါပေမယ့် ဥပေဒအကြံတောင်းခံတာ၊ တရားရုံးတင်တာ စတဲ့အဆင့်တွေကိုတော့ မရောက်သေးပါဘူး။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း အုပ်စုဖွဲ့ရိုက်နှက်မှုမှာ ပါဝင်ခဲ့တဲ့ ဆေးရုံအုပ် ဒေါက်တာညီညီမောင်ကို စေတီတောင်ဆေးရုံမှ စစ်တွေဆေးရုံသို့ နယ်ပြောင်းလိုက်တာကလွှဲလို့ ကျန်တဲ့အရေးယူဆောင်ရွက်မှုတွေ လုပ်တာ မတွေ့ရသေးဘူးလို့ ကျန်းမာရေးအသိုင်းအဝိုင်းနဲ့ ကူညီပေးနေသူတွေက ပြောကြပါတယ်။
ကာယကံရှင်သူနာပြုဆရာမကတော့ ကျူးလွန်ခဲ့သူတွေကို ထိထိရောက်ရောက်အရေးယူပေးမှပဲ ကျေနပ်နိုင်မယ် လို့ ဆိုပါတယ်။ “ဘာမှမလုပ်ပေးရင် တမျိုးစဉ်းစားရမှာပေ့ါ။ ဒီဟာထက် ပိုပြီးတော့ ရှေ့ဆက်တိုးရမှာပေါ့။ အခုလည်း အကုန်လုံးကို တိုင်ထားတာပေ့ါလေ။ တိုင်ထားရဲ့သားနဲ့ အဆင်မပြေဘူးဆိုရင် တမျိုး စဉ်းစားရမှာပေ့ါ” လို့ အဲဒီသူနာပြုဆရာမက ပြောပါတယ်။
ရခိုင်အမျိုးသမီးကွန်ရက်အပါအဝင် အမျိုးသမီးအရေးလှုပ်ရှားသူတွေကလည်း ဒီကိစ္စမှာ ကျူးလွန်သူတွေကို ထိထိ ရောက်ရောက်အရေးယူးပေးဖို့ တောင်းဆိုထားကြပါတယ်။
ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ကလည်း ဒီကိစ္စဟာ အမျိုးသမီးအကြမ်းဖက်မှုဖြစ်ပြီး အဲဒီအပေါ် ထိရောက်တဲ့အရေးယူဆောင်ရွက်မှုမျိုးမရှိဘူးဆိုရင် သက်ဆိုင်ရာကို တိုက်တွန်းတာမျိုးတွေ ဆက်လုပ်သွားမယ်လို့ ပြောဆိုထားပါတယ်။
စေတီတောင်ဆေးရုံအုပ်ဟာ ပြီးခဲ့တဲ့ ဇန်ဝါရီလ ၁၁ ရက်နေ့ညက သူနာပြုဆရာမဆီကို “အတူတူ အိမ်မယ်မလား၊ အိပ်သွားပြီလား” လို့ အဓိပ္ပါယ်ရတဲ့ “အတူတူ အိပ်ဖို့ပါမလား၊ အိမ်ခပါယာလား” ဆိုတဲ့စာကို ဖုန်းကနေပို့ခဲ့ပါတယ်။ အဲဒီကိစ္စကို သူနာပြုဆရာမဟာ မြို့နယ်ဆေးရုံအုပ်ကို တိုင်တန်းခဲ့ပါတယ်။
အဲဒီကနေစပြီးတော့ ဆရာဝန်လင်မယားဟာ သူနာပြုဆရာမပေါ် မကျေမနပ်ဖြစ်နေခဲ့တဲ့အတွက် အခုလိုမျိုး အ ငြိုးထားဆောင်ရွက်ခဲ့တာဖြစ်တယ် အုပ်စုဖွဲ့ရိုက်နှက်ခံခဲ့ရတဲ့ ဆရာမနဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက်တွေက ပြောကြပါ တယ်။
https://www.facebook.com/permalink.php?story_fbid=170085392100442&id=107469705028678