By Western News/ 2022 May 30
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအနီးမှာ စစ်ဘေးရှောင်ကလေးများအတွက် ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားသည့် ဟင်းခင်းပြင်မူလတန်းကျောင်းမှာယခုပညာသင်နှစ်ကျောင်းဖွင့်နိုင်ဖို့အတွက် ငွေကြေးလိုအပ်ချက်များရှိနေသည်ဟု ကျောင်းဖြစ်မြောက်ရေးအဖွဲ့ဝင်များထံမှ သိရသည်။
ကျောင်းပြန်ဖွင့်ချိန်တွင် ကလေးများကျောင်းတက်ရောက်နိုင်ရန် စာရေးကိရိယာများ ထောက်ပံ့နိုင်ဖို့ နှင့် လစာငွေပေးပြီးခေါ်ယူထားရသည့် ဆရာမများအား လစဥ် လစာပုံမှန်ထောက်ပံ့နိုင်ရန်အတွက် ငွေကြေးလိုအပ်ချက်များရှိနေသည်ဟုဟင်းခင်းပြင်ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးဇော်မင်းနိုင်က Western News ကိုပြောသည်။
“အဓိက ခက်ခဲတာကတော့ ငွေရေးကြေးရေးပါပဲ။ကလေးတွေအတွက် စာလာသင်မယ့် ဆရာ၊ ဆရာ မတွေ ကျွန်တော်တို့ခေါ်ယူရတယ်။ ဆရာမတစ်ယောက်ကို တစ်လကို (၈)သောင်းထောက်ပံ့ပေးရတယ်။ မနှစ်ကဆိုဆရာမ (၅) ယောက်ခေါ်ရတယ်။အဓိကကတော့ ဆရာမတွေကို လစာထောက်ပံ့ပေးရမယ့် စရိတ်နဲ့ ကျောင်းအတွက်လိုအပ်တဲ့အသုံးစရိတ်ပေါ့။ ကလေးတွေကစစ်ဘေးရှောင်တွေဆိုတော့ ဗလာစာအုပ်၊ခဲတံ ၊ဘောပင် အားလုံးကျွန်တော်တို့ဖက်က စီစဉ်ပေးရတာဆိုတော့ လက်ရှိငွေရေး ကြေးရေး လိုအပ်ချက်တွေရှိနေပါတယ်” ဟုပြောသည်။
ယခုပညာသင်နှစ်အတွက် ဟင်းခင်းပြင်ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းမှာ KG မှ Grade (5) အထိ ကျောင်းသား ကျောင်းသူများအား လက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီး ယခုနှစ်မှာ ကျောင်းသား (၈၀) နီးပါး ကျောင်းတက်ရောက်ဖို့ မျှော်မှန်းထားသည်။
ပြီးခဲ့သည့်ပညာသင်နှစ်က ဟင်းခင်းပြင်မူလတန်ကျောင်းမှာ KG မှ Grade (4) အထိ ကျောင်းသား ကျောင်းသူ ၆၅ ဦးအား ပညာသင်ကြားပေးခဲ့သည်။
တိုက်ပွဲများကြောင့်နေရပ်စွန့်ခွါထွက်ပြေးလာကြသည့်စစ်ဘေးရှောင်ကလေးများပညာသင်ယူခွင့်မဆုံးရှုံးစေရန်အတွက်ပြီးခဲ့သည့်နှစ်မှစ၍ အရပ်ဖက်လူမှုအသင်းအဖွဲ့များမှဦးဆောင်ကာ ဟင်းခင်းပြင်ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းကို ကျောက်တန်းကျေးရွာနှင့် တစ်မိုင်ကျော် ကွာဝေးသည့် တောင်တွေကြားမှာ ကျောင်းဖွင့်လှစ်ပြီး ပညာသင်ကြားပေးနေခြင်းဖြစ်သည်။
စစ်ဘေးရှောင်များမှာအဆိုပါ စာသင်ကျောင်းအနီးမှာ နေထိုင်ကြပြီး စိုက်ပျိုးရေး၊ တောင်ယာ ထင်းခုတ်သည့် အလုပ်ကိုလုပ်ကိုင်ကာ အသက်မွေး ဝမ်းကြောင်းပြုနေကြခြင်းဖြစ်သည်။
စစ်ဘေးရှောင်များနေထိုင်နေသည့် အဆိုပါနေရာမှာ ရသေ့တောင်မြို့နှင့် အလှမ်းဝေးသည့် အတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိကြောင့် ရွာသားများမှာ ကျန်းမာရေး ပညာရေး အခက်အခဲ မျိုးစုံ နှင့် ရင်ဆိုင်နေကြရသည်။ ဟင်းခင်းပြင် ကျောင်းအနီးတွင် စစ်ဘေးရှောင်အိမ်ထောင်စု ၂၀ ကျော်မှ လူဦးရေ ၁၀၀ ကျော်နေ ထိုင်နေကြသည်။
https://www.facebook.com/westernnewsagency/posts/533252311814611