စစ်တွေမြို့နယ်မှ ကံ့ကော်ကျွန်းကျေးရွာကို စစ်ကား၉စီးဖြင့် အင်အားသုံးပြီး ညဉ့်အချိန် အိမ်ထောင်စုစာရင်းဝင်စစ်

By Narinjara / 2022 May 08

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင်တည်ရှိသည့် ကံ့ကော်ကျွန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့များက ယမန်နေ့ ညဉ့်အချိန်တွင် အင်အားသုံးပြီး အိမ်ထောင်စုစာရင်း ဝင်ရောက်စစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။

စစ်တပ်၊ ရဲ၊ မီးသတ်၊ ထွေအုပ်၊ လဝကတို့ပူးပေါင်း ပါဝင်သော အင်အား ငါးဆယ်၊ ခြောက်ဆယ် ခန့်ပါရှိသည့် ၎င်းအဖွဲ့သည် ညဉ့် ၁၁ နာရီအချိန်တွင် စစ်ကား ၉ စီးဖြင့် ကံ့ကော်ကျွန်းရွာထဲသို့ ဝင်ရောက်လာကာ အိမ်ထောင်စု စာရင်းများကို စစ်ဆေးခဲ့သည်ဟု ရွာသားများက ပြောဆိုသည်။

အမည်မဖော်လိုသူ ကံကော်ကျွန်းရွာ အမျိုးသမီးတစ်ဦးက ” သူတို့ကတော့ အိမ်ထောင်စု စာရင်းတွေ စစ်တယ်။ အိမ်တွေအကုန်လုံးတော့မစစ်ခဲ့ဘူး။ အိမ် ၁၀၀ ကျော်လောက်ဘဲ စစ်ခဲ့တယ်။ သူတို့ ပြောတာက အိမ်ခြေ ၁၀၀ လောက် ဆိုရင်ရပြီလို့ ပြောသံကြားတယ်။ အဲဒီနောက်ဆက်မစစ်တော့ဘူး” ဟု ပြောသည်။

ကံ့ကော်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေလှက ” ဌာနဆိုင်ရာ ၅ ခုပါတယ်။ အိမ်ထောင်စု စာရင်းကောက်တယ်။ ကျန်တာစိုးရိမ်စရာမရှိပါဘူး”ဟု ပြောသည်။

စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းကျေးရွာသည် အိမ်ခြေ ၂၁၀ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ညဉ့်အချိန် အိမ်ထောင်စုစာရင်း ဝင်ရောက် စစ်သည့်အကြောင်းအရင်းကို မသိဟု ၎င်းကပြောသည်။

စစ်တွေမြို့နယ်ရှိ ကျေးရွာများနှင့် ရပ်ကွက်တချို့တို့တွင် မသင်္ကာသည့် နေအိမ်များကို  မကြာခဏ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဧည့်စာရင်း ဝင်စစ်ဆေးမှုများရှိနေကြောင်း သိရှိရသည်။

https://www.facebook.com/narinjara.info/posts/5442655005746532

Leave a Reply

Your email address will not be published.