စစ်တွေကမ်းနားလမ်းတွင် ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိ

By Development Media Group (DMG)/ 2022 May 07

ပုံစာ – စစ်တွေကမ်းနားလမ်းတွင်တွေ့ရှိသည့် အလောင်းအား နာရေးကူညီမှုအသင်းမှ သယ်ဆောင်နေစဉ်။

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့ ကမ်းနားလမ်းရှိ သက်ကြီးနားနေဆောင်အနီး မြက်ခင်းတွင် ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမည်မသိအမျိုးသားတစ်ဦး၏အလောင်းကို ယနေ့(မေလ ၇ ရက်) နံနက် ၈ နာရီကျော်ခန့်က တွေ့ရှိခဲ့သည်။

အဆိုပါအမျိုးသားအလောင်း၏ ရင်ဘတ်တွင် ဓား(သို့မဟုတ်) ကတ်ကြေးဖြင့် အထိုးခံထားရသည်ဟု ယူဆရသော ဒဏ်ရာများတွေ့ရှိရပြီး ခန့်မှန်းခြေအသက်(၃၀)ခန့်ရှိပြီဖြစ်ကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ကိုသားချေက DMG သို့ပြောသည်။

“ရင်ဘတ်ကိုထိုးထားတဲ့ ဒဏ်ရာတွေ့ရတယ်။ တခုခုနဲ့တော့ထိုးထားတယ်။ ဓားလား၊ကတ်ကြေးလားတော့ မသိဘူး။ အဲဒီဒဏ်ရာတစ်ခုတော့တွေ့ရတယ်။ တခြားဒဏ်ရာတွေက သေချာသဲသဲကွဲကွဲမသိရဘူး”ဟု ၎င်းကဆိုသည်။

ယင်းအလောင်းကို စစ်တွေအခြေစိုက် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ သွားရောက်ယူဆောင်ကာ စစ်တွေဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်လိုက်သည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ(၂၂)ရက်‌နေ့ကလည်း စစ်တွေပွိုင့်ကမ်းခြေအနီးရှိ အုန်းတောတွင် အမည်မသိ အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိခဲ့သေးသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး အသေးစိတ်ကိုသိရှိနိုင်ရန်အတွက် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

https://www.facebook.com/dmgnewsagency/posts/2287313851421013

Leave a Reply

Your email address will not be published.