By Western News/ 2022 May 09

စစ်ကောင်စီကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်မှုကို တက်ရောက်မည့် တိုင်းရင်းသားလက်နက်တစ်ချို့လည်းရှိသကဲ့သို့ မတက်ရောက်သည့် တစ်ချို့လည်းရှိကြသည်။
ထိုအထဲမှ ရက္ခိုင်တပ်တော် AA အနေဖြင့် အဆိုပါငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခြေရှိမရှိကို လက်ရှိအခြေအနေနှင့်ယှဉ်၍ နိုင်ငံရေးအသိုင်းအဝိုင်းမှ သုံးသပ်ရာ တက်ရောက်ရန် မသေချာသည့်အခြေအနေတွင်ရှိကြောင်းသုံးသပ်ကြသည်။
ရခိုင်မှ ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦဖေသန်းက ယခင်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်လည်း ဖယ်ဒရယ်လမ်းကြောင်းသို့မရောက်ရှိခဲ့ဘဲ တစ်ဖက်တည်းမှချမှတ်သည့် လမ်းစဥ်အတိုင်းသာဆွေးနွေးသည့်အတွက် လမ်းတစ်ဝက်တွင်သာပျက်သွားကြရာ ထိုအခြေအနေများကို ULA/AA အနေဖြင့်သုံးသပ်မိမည်ဖြစ်ကာ တက်ရောက်မည်မထင်ကြောင်း သုံသပ်ပြောသည်။
“နိုင်ငံရေးအခြေအနေအရသုံးသပ်ရရင် စစ်ကောင်စီက သံခင်းတမန်ခင်းအားဖြင့် အကြမ်းဖက်ကိုရွေးနေတဲ့ကာလဖြစ်တယ်။ အရင်က ULA/AA ဖက်ကလည်း တရားဝင်အစိုးရမှ ဆွေးနွေးမယ်ဆိုပြီးပြောထားတာရှိတယ်။ နောက်တစ်ချက်မဟာမိတ်တွေနဲ့ ဆွေးနွေးပြီးမှ ပြောမယ်လို့လည်းပြောထားတယ်။ ပြောရမယ်ဆိုရင်တော့ ဒီပွဲက တကယ့်လက်တွေ့ကျတဲ့ပွဲမျိုးမဟုတ်ဘူး။ ဘာခေါင်းစဥ်နဲ့ဆွေးနွေးမယ် ကမ်းလှမ်းတဲ့လူက ဘာအခွင့်အရေးတွေပေးမယ် စတဲ့အသေးစိတ်အစီစဥ်တွေမပါဘူး။ အပြုသဘောလောက်ပဲဖြစ်တယ်။ အရင်တည်းကလည်း ဒီလိုဆွေးနွေးပွဲတွေအများကြီးဖြစ်ခဲ့တယ် ဖယ်ဒရယ်လမ်စဥ်တွေလည်းမရခဲ့ဘူး လမ်းတစ်ဝက်မှာပျက်ခဲ့တာချည်းပဲ။ ဒါတွေကိုသုံးသပ်ပြီးတော့ ULA/AA အနေနဲ့ တက်မယ်လို့မထင်ဘူး” ဟုပြောသည်။
ယခုဆွေးနွေးပွဲနှင့်ပတ်သက်၍ ULA အနေဖြင့် တက်ရောက်မည့်ကိစ္စကို ညီနောင်မဟာမိတ်များနှင့်ဆွေးနွေးရဦးမည်ဟု ပြောဆိုထားမှုရှိသည်။ ပြီးခဲ့သည့် ၇၅ ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင်မူ ULA/AA ဖက်မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့မှုရှိခဲ့ပြီး ညီနောင်မဟာမိတ်များဖြစ်သည့် MNDAAနှင့် TNLA တို့တက်ရောက်ခြင်းမရှိခဲ့ပေ။
လက်ရှိမြေပြင်အခြေအနေအရမူ စစ်ကောင်စီနှင့် AA တို့မှာ တင်းမာမှုများဖြစ်နေပြီး ယခုရက်ပိုင်းတွင် ULA/AA နှင့်ဆက်စပ်မှုရှိသည်ဟုဆိုကာ မွတ်ဆလင်များ၊ အုပ်ချုပ်ရေးမှူးတို့အား ဖမ်းဆီးခြင်း၊ ULA အဖွဲ့ဝင်များအားရှာဖွေခြင်း၊ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်သားများမှ နေအိမ်များ၏ အိမ်ထောင်စုစာရင်းများအားစစ်ဆေးခြင်းတို့ လုပ်ဆောင်လျှက်ရှိသည်။
မေလ ၆ ရက်နေ့အတွင်းကလည်း ရက္ခိုင်တပ်တော်၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကောင်စီတိုင်မှူး ထင်လတ်ဦးအား သတိပေးသည့်အနေဖြင့် သူ့၏တွယ်စ်တာစာမျက်နှာတွင် ရေးသားဖော်ပြမှုရှိခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်မည့် အဖွဲ့အစည်းများအနေဖြင့် မေလ ၉ ရက်နေ့နောက်ဆုံးထားကာ တက်ရောက်မည့်အကြောင်း အကြောင်းကြားရမည်ဖြစ်သည်။
ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံကလည်း ဆွေးနွေးပွဲမှာ ရေရာသည့်အချက်အလက်များချပြထားခြင်းမျိုးမရှိခြင်း ဆွေးနွေးမည့်ဦးတည်ချက်အားလည်းမသိရှိရခြင်းတို့ကြောင့် ULA/AA အနေဖြင့် အဆိုပါပွဲသို့တက်ရောက်ရန် မသေချာခြင်းဖြစ်သည်ဟု ပြောသည်။
“ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲက သူတို့တွေအနေနဲ့ တကယ်နိုင်ငံတော်ကိုငြိမ်းချမ်းစေချင်တယ်။ နှစ် ၇၀ လည်း ကျော်လာပြီ တိုင်းပြည်လည်းဆင်းရဲမွဲတွေ ပြည်သူတွေလည်းဒုက္ခရောက် ဒီဟာတွေကိုရပ်တန့်ပြီးငြိမ်းငြိမ်းချမ်းချမ်းသွားကြမယ်ရင်တော့ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် အခုဖိတ်ခေါ်တဲ့အနေအထားကိုကြည့်ရတာက ဘာအကြောင်းအရာတွေဆွေးနွေးမယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ သယံဇာတပိုင်းတွေ စသဖြင့်ပေါ့။ ဒီဆွေးနွေးပွဲအတွက် အချက်အဘက်တွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လုပ်ငန်းစဥ် ငါးရပ်ကြေညာသလို ထုတ်ပြန်ထားသင့်တယ်။ ခုဒါတွေဘာမှမရှိတော့ ULA/AA အနေနဲ့ တက်ရောက်ဖို့မသေချာမယ့်ဘက်များနေတာပေါ့” ဟုပြောသည်။
စစ်ကောင်စီက ဖိတ်ကြားချက်ကို မေလ ၆ ရက်နေ့အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ တက်ရောက်ဖို့ ဆုံးဖြတ်ထားကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းယဉ်ယဉ်စိုးက Western News ကိုပြောသည်။
NCA-S EAO အဖွဲ့များဖြစ်ကြသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ကရင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLO PC)နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)တို့တက်ရောက်ကြမည်ဖြစ်သည်။
စစ်ကောင်စီ ဖိတ်ခေါ်ချက်နှင့်ပတ်သက်၍ ULA /AAအနေဖြင့် တက်ရောက်ရန် ရှိ၊ မရှိ သိရှိနိုင်ဖို့ Western News က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
https://www.facebook.com/westernnewsagency/posts/519122759894233