စစ်ကောင်စီ စစ်ကြောင်း ၄ ရက်ကြာအထိ တန်းလွှဲရွာမမြို့တွင်ရှိနေ၊ ULA တာဝန်ခံများအား ဆက်လက် ရှာဖွေ

By Western News/ 2022 May 19

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွှဲရွာမမြို့မှ ULA တာဝန်ခံများအား လိုက်လံရှာဖွေနေသည့် စစ်​ကောင်စီ စစ်ကြောင်းမှာမေလ ၁၆ ရက်ကတည်းကနေ ယနေ့မေလ ၁၉ ရက်နေ့ထိ  ၄ ရက်ကြာသည့်တိုင်အောင်  လိုက်လံရှာဖွေမှုတွေ ရှိနေသေးသည်ဟု မြို့ခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် မြို့ကရဲစခန်းတွင် ရှိနေဆဲဖြစ်ပြီး ယနေ့နံနက်တွင်လည်း စစ်ကားတစ်စီးနှင့် မြို့ထဲဝင်ပြီး လှည့်လည်နေသည်ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် မြို့ခံတစ်ဦးကပြောသည်။

“စစ်တပ်က အခုလည်းရှိနေသေးတယ်။ ဒီနေ့နံနက်ကလည်း မြို့တွင်းဝင်ပြီး လှည့်လည်နေတာတွေရှိတယ်။ မနက်က ညကလည်း ကင်းလှည့်တဲ့ သဘောနဲ့ မြို့ထဲကို နှစ်ခေါက် သုံးခေါက်လောက်လှည့်ခဲ့တယ်။ အိမ်တွေကို ရှာဖွေတာတော့မဟုတ်ဘူး။ သူတို့က သတင်းအရ လိုက်နေကြတာ” ဟုပြောသည်။

အဆိုပါစစ်ကြောင်းမှာ တန်းလွှဲရွာမမြို့အနီးရှိ သစ်ကေ့ကျွန်း၊ ရွှေပြည်သာ နဲ့ ကျောက်ဆိပ်ပြင်ကျေးရွာများသို့ စစ်ကြောင်းထွက်သည်ဟု သူကဆက်ပြောသည်။

 ယခုစစ်ဆေးနေသောတပ်ရင်းမှာ တောင်ကုတ်မြို့ ၅၄၄ တပ်ရင်းမှဖြစ်ပြီး အဆိုပါ စစ်ကြောင်းသည် တန်းလွှဲရွာမမြို့အနီးရှိ သစ်ကေ့ပြင်၊ ရွှေပြည်သာ၊ ကျောက်ဆိပ်ပြင် ကျေးရွာများသို့ စစ်ကြောင်းများသွားပြီး ULA တာဝန်ခံများကို လိုက်လံရှာဖွေမှုရှိနေကြောင်းဒေသခံများကပြောသည်။

ပြီးခဲ့သည့် မေလ ၇ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာက ULA တာဝန်ခံများကို စစ်တပ်က လိုက်လံရှာဖွေမှုတွေရှိခဲ့သလို တောင်ကုတ်မြို့နယ်အတွင်း ကျေးရွာတစ်ချို့ကို စစ်ကောင်စီက ဝင်ရောက်ရှာဖွေမှုတွေရှိခဲ့သည်။

ယခုကဲ့သို့ မြန်မာ စစ်တပ်ဖက်က ဒေသခံများကို လိုက်လံရှာဖွေ ဖမ်းဆီးနေမှုအပေါ်  “တစ်ဖက်မှာ ငြိမ်ချမ်းရေး ဖိတ်ခေါ်နေပြီး အခြားတစ်ဖက်တွင် မြန်မာစစ်တပ်က စစ်အင်အားများ တိုးချဲ့နေခြင်းသည် အပြောနှင့် အလုပ် တစ်ခြားစီဖြစ်နေကြောင်း” ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မေလ ၁၇ ရက်နေ့က Western News ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

ထို့အပြင် မေလ ၅ ရက်နေ့က စစ်တွေမြို့နယ်က ရွာသစ်ကေကျေးရွာအုပ်ချုပ်ရေးမှူးနှင် ဘောဒူဖကျေးရွာ(မွတ်ဆလင်) ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ULA/ AA နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးပြီးနောက် သစ်တောဥပဒေများနှင့် တရားစွဲထားသည်ဟု သိရသည်။

မေလ ၁၆ ရက်နေ့ နံနက်ပိုင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ လူကြီးများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလူကြီးတစ်ချို့ အွန်းလိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့ကြပြီး လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေများအား ဆွေးနွေးခဲ့ကြသည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ( NUG) ကထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီအကြား စစ်ရေးတင်းမာမှုများရှိနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သည်ဟု ရက္ခိုင့်တပ်တော်က မေလ ၁၅ ရက်နေ့ကထုတ်ပြန်ထားသည်။

https://www.facebook.com/westernnewsagency/posts/525612452578597

Leave a Reply

Your email address will not be published.