စစ်ကောင်စီက ရေငုပ်သင်္ဘောကို ကျောက်ဖြူမြို့နယ် အုန်းဂျွိန်ကျွန်းသို့ ပို့ဆောင်ထား (သတင်းတို)

By Western News/ 2022 May 31

စစ်ကောင်စီက ရေငုပ်သင်္ဘောတစ်စီးကိုယနေ့ မေလ ၃၁ ရက်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ သံဇစ်မြစ်ကိုဖြတ်ကာ ဓညဝတီရေတပ်ဌာနချုပ်စခန်းတစ်ဖက်မှာရှိသည့် အုန်းဂျွိန်ကျွန်းသို့ ပို့ဆောင်ထားသည်ဟု မျက်မြင် ဒေသခံများက ပြောသည်။

ထိုရေငုပ်သင်္ဘောမှာ ကျောက်ဖြူမြို့ သံဇစ်မြစ်ကိုဖြတ်သန်းစဉ်က ရှေ့မှာအရံ စစ်ရေယာဉ်သင်္ဘောတစ်စီးပါဝင်ပြီး ရေပေါ်တွင်တစ်ဝတ်ခန့်ပေါ်ကာ ခုတ်မောင်းသွားနေသည်ကို မြင်တွေ့ခဲ့ရသည်ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

“ဒီမနက် ၈ နာရီလောက်မှာ ကျွန်နော်တို့ အမှတ် ၁ ဖောင်တော်ကနေပြီး လှမ်းမြင်လိုက်ရတာပါ၊ ရေငုပ်သင်္ဘောပေါ်မှာ လူတွေပုံစံတော့တွေ့ရယ်၊ အဝေးကမြင်ရတာဖြစ်လို့ အသေအချာတော့မမြင်ရဘူး၊ ရှေ့မှာက စစ်သင်္ဘောတစ်စီးလည်းပါတယ်”ဟုပြောသည်။

ဓညဝတီရေတပ်စခန်းဌာနချုပ် လက်အောက်တွင်ရှိသည့် အုန်းဂျွိန်ရေတပ်စခန်းမှာ ထားရှိရန်အတွက် လွန်ခဲ့သည့် ၂၀၂၀ ခုနှစ်ကစတင်ကာ ရေငုပ်သင်္ဘောထားရှိမည့် ဆိပ်ကမ်းတစ်ခုတည်ဆောက်ခဲ့တာဖြစ်ပြီး  ထိုရေငုပ်သင်္ဘောမှာ လက်ရှိအုန်းဂျွိန်စခန်းကို လာရောက်တာဖြစ်နိုင်သည်ဟု ဒေသခံများကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား စစ်ရေးတင်မာနေပြီး စစ်ကောင်စီက ရခိုင်ပြည်နယ်အနှံ့မှာ စစ်ရေးလှုပ်ရှားလာနေကာ အေအေနှင့် ဆက်စပ်သူအချို့ကိုလည်း ယခုရက်ပိုင်းအတွင်း ဖမ်းဆီးမှုများစုံစမ်းမှုများလုပ်ဆောင်နေသည်။

https://www.facebook.com/westernnewsagency/posts/533935031746339

Leave a Reply

Your email address will not be published.